DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် ရန်ကုန်တွင် ကင်ဆာရောဂါ လာရောက်ကုသ
https://albanykarennews.blogspot.com/2013/12/dkba.html
ရန်ကုန်၊ ဒီဇင်ဘာ ၂၅
ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံဆေးရုံတွင် ကင်ဆာရောဂါ ဆေးကုသမှု ခံယူနေကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) မှ ဦးလှမောင်ရွှေက ပြောကြားသည်။
ဗိုလ်ချုပ် စောလားပွယ်သည် ကင်ဆာရောဂါ ကုသရန်အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြည်တွင်းသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
“ဆေးရုံကို ရောက်နေတာ နှစ်ရက်လောက်ရှိပြီ။ ကင်ဆာလို့ပဲ သိပါတယ်။ အသေးစိတ်ကို မသိသေးပါဘူး” ဟု ၎င်းကဆိုသည်။
ယင်းအပြင် ဗိုလ်ချုပ် စောလားပွယ်၏ ကင်ဆာရောဂါကို ပြည်ပသို့ သွားရောက် ကုသရန် လိုအပ်သဖြင့် အစိုးရက နိုင်ငံကူး လက်မှတ် ပြုလုပ်ပေးနေကြောင်း MPC ထံမှ သိရသည်။
ဗိုလ်ချုပ် စောလားပွယ်၏ ရောဂါကို ပြည်ပသို့ သွားရောက် ကုသရန် အစိုးရ အကူအညီ လိုအပ်သောကြောင့် ပြည်တွင်းရှိ ဆေးရုံသို့ တက်ရောက် ကုသခြင်း ဖြစ်ကြောင်း DKBA အဖွဲ့မှ ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုသည်။
“ကင်ဆာအကျိတ် ဖြစ်နေတာ ကြာပါပြီ။ အခုမှ ပြည်ပသွားကုဖို့ လုပ်တာပါ။ ဂျပန်နဲ့ စင်ကာပူ တစ်ခုခုကို သွားကုမှာပါ” ဟု ၎င်းကဆိုသည်။
ဗိုလ်ချုပ် စောလားပွယ်မှာ ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး KNU မှ ခွဲထွက်၍ DKBA ကို ဦးဆောင် တည်ထောင်ခဲ့သူ ဖြစ်သည်။
DKBA နှင့် အစိုးရတို့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားသော်လည်း အစိုးရက နယ်ခြားစောင့် တပ်အဖြစ် ထားရှိမှုကို လက်မခံကြောင်း ငြင်းဆိုထားသည်။
The Voice Weekly



Post a CommentDefault CommentsFacebook Comments