ဖိုးလပြည့်နှင့် အပေါင်းပါများ သူရိယအလင်းဂျာနယ်တိုက်ကို ၀င်ရောက်စီးနင်း



“ညက ၁၁နာရီကျော်ကျော် လောက်မှာ ဖိုးလပြည့်နဲ့ အဖွဲ့တွေ ရောက်လာပြီး ရှေ့တံခါးကို ဖွင့်ခိုင်းတာ လုံခြုံရေး တာဝန်ခံက မဖွင့်ပေးတော့ မလွယ်ပေါက်ကနေ ဖွင့်ခိုင်းလို့ ကိုသစ်မင်းဆွေကို ဖွင့်ခိုင်းပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ရဲ့သား သူရိန်နဲ့ လူအယောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကို သိမ်းသွားတာ။"

ရန်ကုန်၊ အောက်တိုဘာ ၁၉။

ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်း၊ မြန်မာ့ကျောက်မျက်ရတနာ ပြခန်း မျက်နှာချင်းဆိုင်ရှိ သူရိယအလင်း သတင်းဂျာနယ်တိုက်ကို အောက်တိုဘာလ ၁၈ရက်နေ့ည ၁၂နာရီခန့်က နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့် အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သားနှင့် အပေါင်းအပါများက ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းသွားကြောင်း ၎င်းသတင်းဂျာနယ်တိုက်တွင် ညအိပ် တာဝန်ကျသူများထံမှ သိရသည်။

ယင်းဂျာနယ်တိုက်သို့ ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းခံရခြင်းမှာ သူရိယအလင်း သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂)ပါ စစ်သူရဲ ဗလမင်းထင်ရေးသားသော မော်စကိုမှာ သာသာမယ့်’လ’ ဆောင်းပါးနှင့် ထောင်သူရဲ ဘအုပ်ရေးသားသော ‘မြင်းခွာတစ်ချက်ပေါက်ရင် မီးတဟုန်ဟုန်းတောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင် ညီလေးများထံသို့ပေးစာ’ ဆောင်းပါးများကြောင့် ဖြစ်သည်ဟု ၎င်းဂျာနယ် အယ်ဒီတာ တစ်ဦးက ပြောသည်။

“ညက ၁၁နာရီကျော်ကျော် လောက်မှာ ဖိုးလပြည့်နဲ့ အဖွဲ့တွေ ရောက်လာပြီး ရှေ့တံခါးကို ဖွင့်ခိုင်းတာ လုံခြုံရေး တာဝန်ခံက မဖွင့်ပေးတော့ မလွယ်ပေါက်ကနေ ဖွင့်ခိုင်းလို့ ကိုသစ်မင်းဆွေကို ဖွင့်ခိုင်းပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ရဲ့သား သူရိန်နဲ့ လူအယောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကို သိမ်းသွားတာ။ ရုံးမှာ ချန်ထားတဲ့ဂျာနယ် ၁၀၀နဲ့ ပြန်သိမ်းလာတဲ့ ဂျာနယ်၆၀၀ရာလောက်ကော၊ ကွန်ပျူတာ ၂၂စုံက System ပုံး၁၄လုံး ဖြုတ်သွားတယ်။ အထဲဝင်ဝင်ချင်း CCTVကို စက္ကူနဲ့ အုပ်လိုက်တယ်။ ကျွန်တော်တို့ အခန်းမှာ ရှိတဲ့ CCTV ပုံးကိုလည်း ဖြုတ်သွားတယ်။ နည်းပညာသမား ကောင်းကောင်းပါတယ်ဗျ။ အဲဒီတော့ ရကော့(record) မရတော့ဘူးပေါ့ဗျာ”ဟု အဆိုပါဂျာနယ်၏ ရှယ်ယာ ကိုးဆယ်ရာခိုင်နှုန်းကို ပိုင်းဆိုင်ထားသည်ဆိုသော စီအီးအို အဖွဲ့ဝင် ကိုမိုးဝေက ဆိုသည်။

ယင်းသို့ ဂျာနယ်တိုက်အား ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားထားခြင်း မရှိသေးဘဲ ရှေ့နေများနှင့် ဦးစွာ တိုင်ပင်သွားမည်ဟုလည်း ဆိုသည်။




၎င်းဂျာနယ်ပါ ဆောင်းပါးများကိုလည်း ကိုမိုးဝေနှင့် အယ်ဒီတာများက ဖြတ်တောက်ခြင်း လုံးဝ မပြုလုပ်ဘဲ ပြည်သူလုထု သိသင့်သောကြောင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။

မော်စကိုမှာ သာမယ့်’လ’ ဆောင်းပါးတွင် “ဒီနေရာမှာ စစ်သူရဲဗလမင်းထင်ဆိုတဲ့ကောင်က ခရိုနီအားလုံးကို အတိအလင်း သတိပေးလိုက်မယ်။ ကျုပ်ပြည်သူတွေ အတွက် မှန်တာရေးလို့ ခင်ဗျားတို့က ကျုပ်နဲ့ ကျုပ်မိတ်ဆွေတွေ ကျုပ်စာကို ဖော်ပြပေးနေတဲ့ သူရိယအလင်းဂျာနယ်ကို ထိပါး၊ စော်ကား လုပ်ကြံလာမယ်ဆိုရင် ကျုပ်တို့ကလည်း ခင်ဗျားတို့ ဆွေခုနှစ်ဆက်၊ မျိုးခုနစ်ဆက် အဆုံးတိုင်အောင် လက်တုံ့ပြန်သွားမယ် ဆိုတာရယ် ခင်ဗျားတို့အားလုံး နောင်တကြီးစွာ ရစေမယ် ဆိုတာတော့ ပြတ်ပြတ်သားသားကြီး ပြောထားလိုက်တယ်” ဟု စိန်ခေါ်မှု အရေးအသားဖြင့် ဖော်ပြထားခြင်းလည်း ဖြစ်သည်။

“ကျွန်တော်က ဒီအခန်းထဲမှာ အိပ်နေတာပါ။ သူရိန်တို့ အဖွဲ့တွေ ဝင်လာပြီး ပစ္စည်းတွေကော ဂျာနယ်တွေကော သိမ်းသွားတာ။ လူကိုတော့ ဘာမှ မလုပ်ပါဘူး။ သူတို့နဲ့က အစကတည်းက ရင်းလည်း ရင်းနှီးပါတယ်”ဟု CCTV မှတ်တမ်းစက်ထားရှိသော အခန်းတွင် အိပ်နေသည်ဆိုသော အယ်ဒီတာ အဖွဲ့ဝင် ဦးတင်အေးကဆိုသည်။

သတင်းဂျာနယ် တိုက်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ကိုသူရိန်နှင့် အဖွဲ့များက ပစ္စည်းများ သိမ်းဆည်းနေစဉ်တွင် ဂျာနယ်တိုက်၏ အပြင်ဖက်တွင် ဖိုးလပြည့်နှင့် သူရိယအလင်းဂျာနယ်၏ ထုတ်ဝေသူ ဦးယုနိုင်လည်း ရှိနေခဲ့သည်ဟုလည်း ဆက်လက် သိရသည်။

အက္ခရာနိုင်(မြန်မာ့ခေတ်)

Related

news 6667460132390271527

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item