"ထိုင်းနိုင်ငံတွင် ဘတ်စ်ကားနှင့် ကုန်တင်ကား တိုက်မိသဖြင့် လူ ၁၉ ဦး သေဆုံး"
https://albanykarennews.blogspot.com/2013/07/blog-post_2480.html
ထိုင်းနိုင်ငံ အလယ်ပိုင်း ဒေသတွင် ဆိုးရွားသော ယာဉ်တိုက်မှု တစ်ခုအတွင်း လူ(၁၉)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့ နံနက် အစောပိုင်းက ဘတ်စ်ကားတစ်စင်းနှင့် လော်ရီကားကြီး တစ်စင်းတို့ တိုက်မိပြီး အသေအပျောက် များပြားခဲ့ခြင်းဟု ဒေသဆိုင်ရာ သတင်းဌာနများက ကြေညာသည်။
အဆိုပါမတော်တဆအတွင်း လူပေါင်း(၂၀)ကျော်မှာလည်း ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။ အင်္ဂါနေ့ အစောပိုင်းက နှစ်ထပ် Tour ဘတ်စ်ကားကြီးတစင်းသည် ဘန်ကောက်မှထွက်ခွာလာပြီးသည့်နောက် အရှေ့မြောက်ဘက်ရှိ ရွိုင်အတ်သို့ ဦးတည်စဉ် ဆာရာဘူရီတွင် ယာဉ်တိုက်မှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မျက်မြင်များက ဆိုပါသည်။
ဘတ်စ်ကားပေါ်တွင်လိုက်ပါလာသည့်ခရီးသည်ဦးရေကိုတော့ မသိရှိရသေးချေ။ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ထိုင်းရဲများက စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။
ထိုင်းသတင်းစာ Nation ၏ အဆိုအရ သေဆုံးသူအားလုံးသည် ဘတ်စ်ကားပေါ်မှ လိုက်ပါလာသူများဖြစ် သည်ဟု ဆိုသည်။ အခင်းဖြစ်မှုတွင် ဒေသစံတော်ချိန် မနက်၅နာရီခန့်တွင် လော်ရီကားကြီးက လမ်းကို ကန့်လန့်ဖြတ်ကွေ့ရာမှ ဘတ်စ်ကားကို တိုက်မိခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားဖေါ်ပြထားသည်။ လတ်တလောတွင် ထိုင်းရဲတပ်ဖွဲ့သည် လောရီကားယာဉ်မောင်းအား ဖမ်းဆီးထားကြောင်း သိရှိရသည်။

Post a CommentDefault CommentsFacebook Comments