ဒူဘိုင်းတွင် မုဒိမ်းကျင့်ခံရသည့် နော်ဝေသူ တရားမဝင် လိင်မှုဖြင့် ပြန်လည် တရားစွဲခံရ




မော်စကို၊ ဇူလိုင် ၁၁

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) မှ ဒူဘိုင်းတွင် အလုပ် လုပ်ကိုင်လျက်ရှိသော နော်ဝေနိုင်ငံသူ အမျိုးသမီး တစ်ဦးသည် မုဒိမ်းကျင့်ခံ ခဲ့ရသော်လည်း တရားမဝင် လိင်ဆက်ဆံမှုဖြင့် ထောင်ဒဏ် ၁ နှစ် ကျော်ခန့် ကျခံရမည့် ပြစ်မှုနှင့် ရင်ဆိုင်နေရကြောင်း ယင်းအမျိုးသမီး၏ လူသိ ရှင်ကြား ထုတ်ဖော် ပြောဆိုချက်ကို CNN သတင်းဌာနက ကိုးကား ရေးသားသည်။

အဆိုပါ အမျိုးသမီးမှာ အသက် ၂၄ နှစ်အရွယ် ဒီဘော့ဒါလက်ဆိုသူဖြစ်ပြီး ၎င်းသည် အလုပ်ကိစ္စဖြင့် ကာတာနိုင်ငံမှ ဒူဘိုင်းသို့ လာရောက်နေစဉ် မုဒိမ်းကျင့်ခံရခြင်း ဖြစ်သော်လည်း တရားမဝင် လိင်ဆက်ဆံမှု၊ မှားယွင်းသော ကြေညာချက် ထုတ်ပြန်မှု၊ တရားမဝင် အရက် သောက်သုံးမှု စသည့် ပြစ်မှုများဖြင့် အစိုးရ ရှေ့နေများ၏ တရားစွဲဆိုခြင်း ခံထားရသည်။

မစ္စဒါလက်သည် ပြီးခဲ့သည့် မတ်လအတွင်း ဒူဘိုင်းမှ ယမကာဘား တစ်ခုတွင် အရက်သောက်ခဲ့ ပြီးနောက် လုပ်ဖော် ကိုင်ဖက်များနှင့်အတူ တည်းခိုရာ ဟိုတယ်သို့ ပြန်လာခဲ့ကြောင်း၊ သို့သော် ပြန်ချိန်မှာ နံနက် သုံးနာရီခန့်ဖြစ်ပြီး ဟိုတယ်သည် ကြီးမားပြီး မျက်စိလည် နိုင်သဖြင့် လုပ်ဖော် ကိုင်ဖက် တစ်ဦးကို လိုက်ပို့ပေးရန် အဖော် ခေါ်ယူခဲ့ကြောင်း၊ ထို့နောက် အဆိုပါ အမျိုးသား အဖော်က အခန်း တစ်ခန်းတွင်းသို့ ခေါ်ယူကာ အဓမ္မ ပြုကျင့်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်မ အောက်ထပ်ကို ဆင်းသွားပြီး ဧည့်ကြို ကောင်တာကို သွားတယ်။ ပြီးတော့ ရဲကို ဖုန်းဆက် ခေါ်တယ်။ ပြီးတော့ ရဲအရာရှိ ၁၀ ယောက်လောက် ရောက်လာတယ်။ အမျိုးသမီး ရဲအရာရှိတော့ မပါဘူး။ ပြီးတော့ ထွက်ဆိုချက်တွေ ယူပြီး ရဲစခန်းကို ခေါ်သွားတယ်” ဟု ၎င်းက ပြောကြားသည်။

မစ္စဒါလက်ကို ဒူဘိုင်း ရဲများက စုံစမ်း မေးမြန်းပြီး အရက် သောက်သုံး ထားခြင်း ရှိ မရှိ သွေးစစ်ခဲ့ကာ လေးရက်တာမျှ ချုပ်နှောင်ထားခဲ့သည်။

ထို့နောက် ၎င်းက နော်ဝေရှိ မိဘများထံ ဆက်သွယ်ရန် စီစဉ်ပြီး နော်ဝေ သံရုံးကို အကြောင်းကြားပေး ရန် ပြောဆိုခဲ့သည်။

လေးရက်မြောက်သော နေ့တွင် ရဲ အာဏာပိုင်များက ၎င်းကို လက်ထပ် ထိမ်းမြားမှု မရှိဘဲ လိင် ဆက်ဆံမှု၊ လူ အများရှေ့တွင် အရက် သောက်သုံးမှု တို့ဖြင့် တရားစွဲဆိုထားသည့် အကြောင်းကြားစာ ပေးခဲ့သည်။

“အဲဒီတော့မှ ကျွန်မဟာ ပြစ်မှု ကျူးလွန်သူ တစ်ဦးအဖြစ် အမှု ရင်ဆိုင် ရတော့မယ် ဆိုတာကို သိခဲ့ရတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုအခါ မစ္စဒါလက်၏ သတင်းမှာ နော်ဝေနိုင်ငံ တစ်ခုလုံးကို လွှမ်းမိုးထားပြီး အာရပ် စော်ဘွားများ ပြည်ထောင်စု၏ အမျိုးသမီးများအပေါ် ဆက်ဆံမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်လျက်ရှိသည်။

မစ္စဒါလက်၏ နိုင်ငံကူး လက်မှတ်ကို ရဲစခန်းက သိမ်းယူထားရာ ကာတာနိုင်ငံ၊ သို့မဟုတ် နော်ဝေသို့ ပြန်ရန်လည်း မဖြစ်နိုင်သေးပေ။

နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ မစ္စဒါလက် ပြစ်မှုမှ လွတ်မြောက်ရေး အတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနကို အဆက်မပြတ် တောင်းဆိုသွားမည်ဟု ကြေညာသည်။

CNN သတင်းဌာနက ကျင့်ဝတ်အရ မုဒိမ်းကျင့်ခံရသူ၏ အမည်နှင့် ဓာတ်ပုံ များကို ဖော်ပြလေ့ မရှိ ကြောင်း၊ သို့သော် မစ္စဒါလက်က ၎င်း၏ စိတ်ဆန္ဒအရ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ကြောင်း ဖော်ပြသည်။

မစ္စဒါလက်၏ အယူခံကို လာမည့် စက်တင်ဘာလ ၅ ရက်နေ့တွင် ဒူဘိုင်းရှိ တရားရုံး၌ ကြားနာရန် စီစဉ်ထားသည်။

နောက်ဆုံး ရရှိသည့် သတင်းများအရ မစ္စဒါလက်ကို ယူအေအီး အာဏာပိုင် များက လုံးဝ လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Related

news 4565826896688824157

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item