လက်ပံတောင်းတောင်အရေး နှင့် မြေယာပြသနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း။ အပိုင်း (၃)

လက်ပံတောင်းကြေးနီစီမံကိန်းမှ အကြမ်းဖက်မီးလောင်တိုက်သွင်းခံရသော သံဃာတော်တပါး၏ပုံ



အောင်ထူး (ရှေ့နေ)

ဥပဒေစိုးမိုးရေးကို “ နိုင်ငံတော် ” ရှုဒေါင့်မှ အဓိက မဟုတ်ဘဲ လူထုရသင့်ရထိုက်သည့် အခွင့်အရေး အခြေခံမှအဓိကချဉ်းကပ်ရန်ကို၎င်း၊ပထမဆုံးအနေဖြင့် “ လယ်လုပ်သူ လယ်ပိုင်ခွင့်” အား အသိ
အမှတ်ပြုရန် ကို၎င်း၊ စာရေးသူ၏ ဆောင်းပါးအမှတ် (၁) နှင့် (၂) တို့တွင်ဖေါ်ပြခဲ့သည်။

အသက်ရှင်ရပ်တည်ခွင့်၊ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့် စသည်များ မှာ တဦးချင်းအခွင့်အရေးများဖြစ်သည်။ “ လယ်လုပ်သူ လယ်ပိုင်ခွင့်” သည်လည်း တဦးချင်းအခွင့်အရေးဖြစ်သည်။

ဥပဒေများအား လူထု၏ တဦးချင်း အခွင့်အရေးများကို အခြေခံလျှက်ပြဌာန်း ကျင့်သုံးရပါမည်။ သို့ရာတွင် ယင်းမျှ နှင့် မပြည့်စုံပါ။ လူထုတွင် တဦးချင်းအခွင့်အရေးသာမက အုပ်စုလိုက်အခွင့်အရေး (သို့မဟုတ်) စုပေါင်းအခွင့်အရေး များ လည်း ကျင့်သုံးခွင့် ရှိရပါမည်။

လူသည်တဦးချင်းသာမက စုပေါင်းကာ ရပ်တည်၊ ရှင်သန်၊ နေထိုင်ကြရသည့် သဘာဝ ရှိသောကြောင့်ပင်။ မြေယာနှင့် စပ်လျှဉ်း၍ စုပေါင်းအခွင့်အရေးကို မည်သို့ကျင့်သုံးမည်နည်း။

“နှစ်ပေါင်းမြောက်များစွာ အခြေစိုက်နေ ထိုင်လာခဲ့ ကြ သည့် ဒေသခံ ကျေးလက်လူထုများက မိမိတို့ကျေးရွာဝန်းကျင် ရှိ မြေယာအားစုပေါင်းအသုံးချခွင့် ” [i]ဖြစ်သည်။ ဤအယူအဆသည် ဒေသခံလူထုများက မိမိတို့ဒေသအတွင်း တည်ရှိ နေသည့် သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းစောင့်ရှောက်မှု[ii] အား မထိပါးစေဘဲ အသက်မွေးဝမ်းကြောင်းပြုခွင့်  

[iii] အပေါ်တွင် အခြေခံသည်။ 

ဒေသတခုခု ဘိုးစဉ် ဘောင်ဆက် နှစ်ပေါင်းမြောက်များစွာ အခြေစိုက်နေ ထိုင်လာခဲ့ ကြ သည့် ဒေသ ခံလူထု အနေဖြင့် မိမိတို့ကျေးရွာ အနီးတ၀ိုက်ရှိ မြစ်ချောင်းများ နှင့် အင်းအိုင်များတွင် ငါးရှာခွင့်ရှိရမည်။ မိမိတို့ ကျေး ရွာအပြင်ရှိ သစ်တောများ အတွင်းဝင်ရောက်ကာ မိမိတို့ကိုယ်တိုင်နေထိုင်မည့် နေအိမ် ဆောက်လုပ်ရေး အတွက် သစ်ဝါးများခုတ်ခွင့်၊ မိသားစု စားသောက်ရန် သစ်သီး ၀လံ နှင့် သီးပင်စားပင်များ၊ တိရစ္ဆာန် သားကောင်ငယ် များ ရှာဖွေ ခွင့် ရှိရမည်။ 

မိမိတို့ကျေးရွာတ၀ိုက်တွင် ရှိနေသော မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများအား စားကျက်မြေ အဖြစ် အသုံး ချခွင့်၊ စိုက်ပျိုးမြေတိုးချဲ့ခွင့်အပြင် ကျေးရွာတခုလုံး၏ စုပေါင်းအကျိုးစီးပွား အတွက် လိုအပ်သလိုအသုံးချ ခွင့် ရှိရမည် ဖြစ်သည်။ 

“နှစ်ပေါင်းမြောက်များစွာ အခြေစိုက်နေ ထိုင်လာခဲ့ ကြသည့် ဒေသခံကျေးလက်လူထုများက မိမိတို့ကျေးရွာဝန်းကျင်ရှိ မြေယာ အားစုပေါင်းအသုံးချခွင့် ” ရှိလျှင် လူမှုရေးသဟဇာတဖြစ်မှု [iv] နှင့် လူမှုရေးတည်ငြိမ်မှု [v] ကို ပံ့ပိုးပေးသည်။ 

လူမှုရေးအရ ပေါင်းစည်းမှု[vi] ကို ခိုင်မာစေသည်။ ဒေသခံလူထုများသည် မိမိတို့ဒေသအတွင်းမှာပင် ဘ၀ရပ်တည်ရှင်သန် နိုင်ပါက အခြားကျေးလက်ဒေသများကို ဖြစ်စေ၊

 မြို့ပြဒေသများကို ဖြစ်စေ ရွှေ့ပြောင်းနေထိုင်ပြီး အသက်ဝမ်းကြောင်း ပြုဘို့ ကြိုးစားရန် မလိုတော့၍ဖြစ်သည်။ လူထု၏ ဘ၀သည် အသက်မွေးဝမ်းကြောင်းနိုင်မှုအပေါ် မူတည်ပြီး အသက် မွေးဝမ်း ကြောင်း နိုင်မှုမှာလည်း လူထုအနေဖြင့် သဘာဝ သယံဇာတများအပေါ် မည်မျှအထိ လက်လှမ်းမှီ၊ အသုံးချ ခွင့်ရှိသည် ဟူသည့် အပေါ်တွင် မူတည်သည်။[vii]

မြေယာအား စုပေါင်း အသုံးချခွင့်သည် သမိုင်းအမွေအနှစ်များ [viii] ကို ထိမ်းသိမ်းရန်အတွက်လည်း အထောက်အကူဖြစ် သည်။လူထုနှင့် သံဃာတော်များက အကြိမ်ပေါင်း များစွာ ဆန္ဒပြ ပြီးနောက်တွင်သာ လက်ပံတောင်းတောင်တွင် လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သည့်ဗိမာန်အား ဆက်လက်ထိမ်းသိမ်းရန် သမတ ဦးသိန်းစိန်က ခွင့်ပြု ခြင်း ဖြစ်သည်။

ဤဖြစ်ရပ်တွင် ဗဟိုအစိုးရ အာဏာပိုင် သမ္မတ က ခွင့်ပြု၍သာ ရသည့် အခွင့်အရေးဖြစ်နေသည်။ ဒေသခံလူထုအနေဖြင့် မြေယာအားစုပေါင်းအသုံးချခွင့် ကို အသိ အမှတ်ပြုပြီး ရရှိသည့် အခွင့်အရေး မဟုတ်ပါ။ ဤ သည်ကို ပြောင်းပြန်လှန်ဘို့လိုပါသည်။

လက်တင်အမေရိက နိုင်ငံရှိတရားရုံးများသည် တရားစီရင်ရာ စုပေါင်းအခွင့်အရေးနှင့် ဆက်စပ်သည့် လူမှုရေးပြသနာ များကို အာရုံထားလာကြသည်။[ix] မြေယာနှင့် ဆက်စပ်သည့် လူထု၏စုပေါင်းအခွင့်အရေး နှင့် စပ်လျှဉ်း၍ အိန္ဒိယ နိုင်ငံ  မတူကွဲပြားသည့် လူမျိုးစုများ နေထိုင်ရာပြည်နယ်များတွင် တရားရုံးများက ပို၍ အကာအကွယ်ပေးလာကြ သည်။[x] 

ကျေုးရွာအတွင်းတွင် ပုဂ္ဂလိက ပိုင်ဆိုင်မှု နှင့် မိသားစုအုပ်စု အလိုက် ပိုင်ဆိုင်မှုကို အသိအမှတ်ပြုသကဲ့သို့ ကျေးရွာ အပြင်ရှိ မြေယာများအား ဒေသခံလူထုက စုပေါင်းပိုင်ဆိုင်မှုကို အသိအမှတ်ပြုသည်။[xi]

၁၉၉၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ တရားလွှတ်တော်ချုပ်သည် ဒေသခံ တိုင်းရင်းသားလူထုများ၏ ဘ၀၊ အသက်မွေးဝမ်း ကြောင်းပြုခွင့်၊ မြေယာ၊ သစ်တောများနှင့် စပ်လျှဉ်း၍ စံထားလောက်ဘွယ် စီရင်ချက်တရပ်ကို ချမှတ်ခဲ့သည်။ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်တွင်ဆမာသာ ဟူသည့် အယ်န်ဂျီအိုတခုက ဒေသခံ တိုင်းရင်းသားလူထုကို ကိုယ်စားပြု၍ အဆိုပါ ဒေသအတွင်း မိုင်းတူးဖေါ်သည့် ကုမ္ပဏီ တခုအား တရားစွဲဆိုသည့် မှုခင်းတွင် ဖြစ်သည်။

မိုင်းတူးဖေါ်ရန် နှင့် စက်မှု လက်မှုဒေသများအဖြစ် ပြောင်းလဲတည်ဆောက်ရန် တို့အတွက် သစ်တောနှင့်

မြေယာများအား အသုံးချခွင့်ကို ဒေသခံ တိုင်းရင်းသား မဟုတ်သည့် အခြားပုဂ္ဂိုလ်များ သို့မဟုတ် အခြား ပုဂ္ဂလိက ကုမ္ပဏီများအား ငှားရမ်းခွင့်မရှိဟူ၍ အိန္ဒိယ တရားလွှတ်တော်ချုပ်ကစီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။[xii]

အိန္ဒိယ နိုင်ငံ တရားလွှတ်တော်ချုပ်၏ စီရင်ချက်ကို စံနမူနာအဖြစ် ကိုးကားမည်ဆိုလျှင် လက်ပံတောင်းတောင် တွင် ကြေးနီစီမံကိန်းလုပ်သင့် မလုပ်သင့် ဒေသခံလူထု၏ သဘောထားဆန္ဒကို အဓိက ရယူရမည်ဖြစ်သည်။ အခြေအနေ တရပ်တွင် အခိုင်အမာသဘောတူညီမှုရရှိပါက ထိခိုက်ပျက်စီး သွားသော သဘာဝပတ်ဝန်းကျင်ကို   ပြန်လည်ကုစား နိုင်ခြေ ရှိပြီး လူမှုရေးသဟဇာတဖြစ်မှုကို ဆက်လက် ထိမ်းသိမ်းနိုင် ဘွယ်ရှိသည်ဟု ဒေသခံလူထုက သဘောတူလျှင် ကြေးနီ စီမံကိန်း ဆက်လက်ဖေါ်ဆောင်ရေးကို စဉ်းစားနိုင်သည်။

ယင်းသို့ဖြစ်လျှင် ပထမဆုံးအနေဖြင့် ၄င်းတို့တဦး ချင်း ပိုင်ဆိုင်သည့် လယ်မြေများသာမက ဒေသအလိုက်စုပေါင်းပိုင်ဆိုင်သည့်မြေယာများ ဆုံးရှုံးသည့်အတွက်ပါ ၄င်းတို့ ကြေနပ် လောက်သည့် လျော်ကြေးငွေပေးရပါမည်။

ထို့နောက် ကြေးနီ စီမံကိန်းဖေါ်ဆောင်နေသမျှကာလပတ်လုံး အမြတ်ငွေများ မည်မျှရရှိ သည် ကို ရှင်းရှင်းလင်းလင်း သိနိုင်လောက်သည့် စနစ်တရပ်တည် ထောင်ရပါမည်။ ယင်း အမြတ်ငွေကို ခွဲဝေ ခံစား အသုံးချနိုင်ရန် သုံးချိုးစနစ် စဉ်းစားနိုင်သည်။
ပထမ တချိုးမှာ ဒေသခံလူထုအတွက်ဖြစ်သည်။ ရေရှည်ဝင်လာမည့် ယင်းအမြတ်ငွေအချိုးကို ဒေသ ဖွံဖြိုးရေးအတွက် နှင့် ပျက်စီးဆုံးရှုံးသွားသော သဘာဝပတ်ဝန်းကျင် ပြန်လည် ထိမ်းသိမ်းရေး အတွက် အသုံးပြုရန်ဖြစ်သည်။ ဤသည် ကို 

သဘောတူလျှင် (အုပ်ချုပ်ရေးအာဏာပိုင်များ မဟုတ်သော) ဒေသခံလူထု၏ ကိုယ်စားလှယ်များနှင့် စနစ်တကျ ဖွဲ့စည်းထားသည့် လူထုအဖွဲ့အစည်းတရပ်ရှိရပါမည်။ ယင်းအဖွဲ့က လက်ခံရယူသုံးစွဲသွားရန် ဖြစ်သည်။

ဒုတိယ တချိုးအား ကုမ္ပဏီက ရယူသွားရန်ဖြစ်သည်။ တတိယ တချိုးမှာ စစ်ကိုင်းတိုင်းနှင့် ပြည်ထောင်စု တခုလုံးဖွံ့ ဖြိုး ရး အတွက် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များထံသို့ပေးသွင်းသွားရန်ဖြစ်သည်။ ဤအမြတ်ငွေကို လက်ခံရယူ ပြီး မည်သို့ သုံးစွဲသွားသည်ကို အာဏာပိုင်များက နှစ်စဉ်စာရင်းရှင်းတမ်းတခုပြုစုပြီး တပြည်လုံးလူထုကို

 ချ ပြသွားရန် ဖြစ်သည်။ ယင်းစာရင်းများ မှန်မမှန် လူထုအနေဖြင့် စစ်ဆေးနိုင်ခွင့်ရှိရမည်။

ဒေသခံ လူထုနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိသည့် ဦးပိုင်ကုမ္ပဏီသည် ဤကြေးနီစီမံကိန်းမှ အမြတ်ငွေတစုံတရာ ခံစားရန်ည်သည့် အကြောင်းအချက်[xiii] နှင့် တရားဝင်မှု[xiv] ရှိပါသနည်း။ လူထုတရပ်လုံးပိုင်သော သဘာဝသယံဇာတ ပစ္စည်းမှ အကျိုးစီးပွားကို ဦးပိုင်ကုမ္ပဏီက ရယူ၍ ဗိုလ်ချုပ်နှင့် အထက်ဖြစ်သည့် စစ်ခေါင်းဆောင်သစ်၊ ဟောင်း များ နှင့် ၄င်းတို့မိသားစုများခွဲဝေသုံးစွဲနေကြကြောင်း၊ ဗိုလ်မှုးကြီးအဆင့်အထိရှိသည့် အလတ်ပိုင်းနှင့် အောက်ခြေ အရာရှိ များပင် ခံစားခွင့်မရှိကြောင်း လူထုအတွင်းသတင်းများထွက်ပေါ်နေသည်။ ဦးပိုင်၏ အကျိုးအမြတ်များအား မည်သို့ ခွဲဝေသုံးစွဲနေကြောင်း တကြိမ်တခါမျှ လူထုကို စာရင်းရှင်းတင်ပြဘူးခြင်းမရှိသဖြင့် အဆိုပါ သတင်းမမှန် ဟု ငြင်းနိုင်ရန် မလွယ်ပါ။

ဒုတိယစိုးရိမ်ချက်မှာ ဦးပိုင်ကုမ္ပဏီ၏၀င်ငွေများကို တိုင်းရင်းသားများအား ဆင်နွှဲနေသော ပြည်တွင်းစစ်အတွက်စစ်ရေး စါးရိပ်သုံးစွဲမည့်ကိစ္စ ဖြစ်သည်။ သံဃာတော်များအား ပစ်ခတ်ပြီး ပြင်းထန်သည့် မီးလောင်ဒဏ် ရာများ ရစေခဲ့ သည့် လက်နက်မှာစင်စစ်အားဖြင့် ကချင်ပြည်နယ်သို့ပို့ဆောင်ပြီး အသုံးချရန် ဖြစ်သည်ဟူ၍ စစ်ကိုင်း တိုင်း ရဲတပ်ဖွဲ့ ရဲအုပ် တဦးကပြောဆိုကြောင်းသတင်းထွက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့်စုံစမ်းစစ်ဆေးရေးကော်မရှင် သည် ဦးပိုင်ကုမ္ပဏီ ၏ အခန်းကဏ္ဍနှင့် စပ်လျှဉ်း၍ မည်သို့သုံးသပ်မည်ကို စောင့်ကြည့်ရပါမည်။

လက်ပံတောင်းတောင် အရေးကို အခြေခံလျှက် လူမျိုးရေးပိပက္ခဖန်တည်းခံရဦးမည့်အနေအထားကို သတိကြီးကြီး ထား၇န်လိုပါမည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစု အသီးသီးအနေဖြင့် မိမိတို့ လူမျိုးတည်တန့်မှုကို ကာကွယ်စောင့်ရှောက်ရန် အရေးကြီး သည်မှန်သော်လည်း စစ်အာဏာရှင်စနစ်က ဖန်တည်း ထားသည့် လူမျိုးရေး ပိပက္ခများတွင်သာ ၀ဲလည်နေသမျှ ကာလပတ်လုံး တိုင်းရင်သား ပေါင်းစုံလူထုကြီးတရပ် လုံးသည် မည်သည့်အခါ တွင်မျှ ငြိမ်းချမ်းမှု နှင့် တိုးတက်ဖွံ့ဖြိုးမှု ရနိုင်ဘွယ်မရှိပါ။

အခြေခံအားဖြင့်မူ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် ဆိတ်သုဉ်းသွားလျှင် တရုပ်ကုမ္မဏီများ အပါအ၀င် သင့်တင့် လျှောက်ပတ်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုရ ပါမည်။ လက်ပံတောင်းတောင် အရေးတွင် ရန်သူသည် တရုပ်ကုမ္မဏီ မဟုတ် သလို၊ တရုတ်အစိုးရနှင့် တရုတ်လူထု လည်း မဟုတ်ပါ။ သို့ရာတွင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ပြောသလို ငတ်တုံးက ကျွေးထား၍ တရုတ်က ကျေးဇူးရှိ၍ တော့ မဟုတ် ပါ။

နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု များ ၀င်ရောက်လာခြင်းဖြင့် ပြည်တွင်းနေလူထုများ အလုပ်အကိုင်များရရှိ၊ 

နည်းပညာများ သင်ကြားခွင့်ရ၊ လူမှု စီးပွား ရေးဘ၀ ချောင်လည်သွားနိုင် သောကြောင့် ဖြစ်သည်။

နိုင်ငံခြားကုမ္ပဏီများ လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရာတွင် သက်ဆိုင်ရာဒေသရှိ ဒေသခံလူထုများအပါအ၀င် ပြည် တွင်းရှိ တိုင်းရင်းသားပေါင်းစုံ လူထု ကြီးတရပ်လုံး၏ အခွင့်အရေး နှင့် အကျိုးစီးပွားများကို မထိပါးစေရေးအတွက် အစိုးရက လိုအပ်သည့် ဥပဒေများ ပြဌာန်း၊ လက်တွေ့ကျင့်သုံး၊ ကာကွယ်စောင့်ရှောက်ပေးရပါမည်။ ယခုမူ ပြောင်းပြန် ဖြစ်နေသည်။ 

၂၀၀၈ ဖွဲ့စည်းပုံနှင့် တည်ဆဲဥပဒေများသည် ယင်းကို မဖေါ်ဆောင်နိုင်ပါ။ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ အာဏာပိုင်များ ကိုယ်တိုင်သည်လည်း ယင်းသို့ဖေါ်ဆောင်ရန် တက်တက်ကြွကြွ နည်းလမ်းရှာဖွေ ဆောင်ရွက် ရမည့် အစား လူထုကိုဆက်လက်ဖိနှိပ်နေကြကြောင်း တွေ့ရသည်။

အဓိက အားဖြင့် လူထုကြီးတရပ်လုံး၏ ရန်သူမှာ ပြည်တွင်းရှိ စစ်အာဏာရှင်စနစ်သာဖြစ်သည်။ စစ်အာဏာ ရှင်စနစ် သက်ဆိုးရှည်စေ ရန် စနစ်တကျ သွတ်သွင်းပြဌာန်းထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသာ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် ဟူသော စကားလုံးကို ကိုင်စွဲ၍ အင်အားကြီးထွားနေသည်မှာ စစ်အုပ်စု ဟောင်း သစ် များနှင့် ယင်းတို့နှင့် ပုလင်းတူ ဗူးဆို့ လက်တဆုပ်စာ စီးပွားရေးသမားကြီးများသာ ဖြစ်နေ သည်။

လူထုရာမ အများစုကြီးမှာ ထမင်းနပ် မှန်စားဘို့ရန်ပင် ရုန်းကန်နေရဆဲ ဖြစ်ပြီး

 လွန်မင်းစွာအင်အားချည့်နဲ့လျှက် ရှိသည်။ ဤအခြေအနေနောက်ခံတွင် ဥပဒေစိုးမိုးရေးသည် လက်တွေ့အောင်မြင်ရန် အကြောင်းမရှိပါ။

မြန်မာနိုင်ငံက တနှစ်စော၍လွတ်လပ်ရေးရသကဲ့သို့ တရုတ်နိုင်ငံမှာ တနှစ်နောက်ကျပြီးမှ လွတ်လပ်ရေးရလာခဲ့သည်။  

၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၂ ခုနှစ်အထိ ရှိနေခဲ့သည့် လယ်သမားများ၏ အခြေအနေကို တရုပ်နိုင်ငံနှင့် နိုင်းယှဉ်၍ စာရေးသူ၏ ဖခင် လယ်သမားကြီး က မကြာခဏ သုံးသပ်ပြောဆိုခဲ့သည်။

“ ဟ ငါ့သားရ။ အဲဒီတုံးက ငါတို့လယ်သမားတွေ ရွှေမိုး၊ ငွေမိုး ရွာနေတဲ့ ခေတ်ကြီးလို့ ပြောရင်မမှားဘူးကွ။ လယ် သမား ဆိုတာတနှစ်မှာ သုံးရာသီ ရှိတဲ့အနက် မိုးတွင်းလောက်သာ အဓိက အလုပ်လုပ်ရပြီး ကျန်တဲ့ နှစ်ရာသီ မှာ ကျိန်လုံးကလေးကိုင် ရွာရိုးလျှောက်လည်နိုင်ခဲ့ခေတ်၊ ည့်သည်လာရင် ၀အောင် လင်အောင်ကြွေးနိုင်တဲ့ခေတ်၊ ဆိုင်းသံ အိုးစည်သံတွေ တညံညံစည်စည်ကားကား နဲ့ လှူနိုင်တန်းနိုင်တဲ့ခေတ် ကွ။ ရွာထဲမှာ စတုဒီသာ ကြွေးတဲ့ မပ်တွေနဲ့ ပြည့်လို့ပေါ့ကွာ။ အဲသည်တုံးမှာတရုတ်တွေ ထမင်းငတ်နေကြတာကွ။ ဆန်ပြုတ်သောက်နေကြရ တဲ့ လူဦးရေ ဘယ်နည်းပါ့မလဲ။ ငါတို့ရွာမှာလာပြီးပေါက်ဆီကလေးရောင်းစား၊ ရွာထိပ်မှာ ခေါက်ဆွဲဆိုင်ကလေးတွေ ဖွင့် စား သည်လိုလုပ်စားခဲ့ကြရတာ လေကွာ။ ”

နှစ်ပေါင်း ငါးဆယ် ကြာပြီးနောက်တွင် တရုတ်လူထု နှင့် မြန်မာလူထု အခြေအနေသည် ပြောင်းပြန်ဖြစ်သွားခဲ့ပြီ။ တရုတ်ပြည်သည် ဥပဒေစိုးမိုးရေးကို အတိုင်းအတာအရ တစုံတရာ အောင်မြင်စွာကျင့်သုံးနိုင်သဖြင့် ယခုမူ အိပ်နေ သော နဂါးကြီး ဘ၀မှ နိုးနေသော နဂါးကြီးဘ၀သို့ အောင်မြင်စွာ အသွင်ပြောင်းနိုင်ပြီ ဖြစ်ကြောင်းတွေ့ရသည်။ တရုတ်ပြည်တွင် လူဦးရေသန်းသုံးရာခန့်မျှသည် သန်းကြွယ်သူဌေးများဖြစ်နေပြီ ဖြစ်ကြောင်း လေ့လာရသည်။

ဥပဒေစိုးမိုးရေးကို လက်တွေ့ခံစားနိုင်ရန်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြိုချဘို့လိုပါမည်။ လူထု၏ တဦးချင်း အခွင့် အရေး၊စုပေါင်းအခွင့်အရေးများနှင့် တိုင်းရင်းသားများ၏ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးများကို အာမခံသည့်ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တရပ် ပေါ်ပေါက်လာရန်ကြိုးပမ်းဘို့လိုပါမည်။ ယင်းနောက်တွင် လူထုတွင် ဥပဒေစိုးမိုးရေးကကျားကန်ပေးသော အင်အားရှိလာပါမည်။ နိုင်ငံခြား ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ညှိနိုင်းနိုင်သည့် အခွင့် အရေးနှင့် အနေအထားများ ရရှိလာ ပါမည်။ ယင်းအခြေအနေတွင် နိုင်ငံခြား ကုမ္ပဏီမှန်သမျှကို ကြိုဆို ဘို့ လိုပါ သည်။

ထို့အပြင် အကျိုးဆက်အနေဖြင့် တိုင်းရင်းသားပေါင်းစုံ လူထုကြီးတွင် ကမ္ဘာ့ဈေးကွက် ပြိုင်ဆိုင် နိုင်လောက်သည့် စွမ်းရည်များ ရှိလာပါမည်။ မြန်မာနိုင်ငံအား တရုတ်နိုင်ငံက ဈေးကွက်အဖြစ် သဘောထားသည့် အဆင့်မှ ပြန်လည် ပြောင်းလဲပြီး မိမိတို့တိုင်းရင်းသားပေါင်းစုံ လူထုက လူဦးရေ များလှသည့် တရုတ်နိုင်ငံကြီးအား ဈေးကွက်အဖြစ် သဘောထား လုပ်ကိုင်နိုင်သည့် အဆင့်အထိ မြှော်မှန်းရန်လိုပါမည်။

လက်ပံတောင်းတောင်အရေးတွင် လူထုနှင့် သံဃာတော်များက “ ခံစားချက် နှင့် ပြသော ဆန္ဒထုတ်ဖေါ်ပွဲများ”  ဆက် လက် ကျင်းပနေခြင်းကို ကြိုဆိုရပါမည်။ ယင်းတို့အား “လယ်လုပ်သူ လယ်ပိုင်ခွင့် အခွင့်အရေး ကိုလည်းကောင်း၊ မြေယာအပေါ် ဒေသခံလူထုအနေဖြင့် စုပေါင်း အသုံးချခွင့် ကို လည်းကောင်း၊ အတိအကျ တောင်းဆိုသော ဆန္ဒထုတ် ဖေါ်ပွဲများ” အဖြစ်သို့ပြောင်းလဲနိုင်လျှင် ပိုမိုအကျိုးရှိပါမည်။ ယင်းအခွင့်အရေးများအား ဥပဒေပြဌာန်းချက်များ အဖြစ် ပြဌာန်းပေးရန်တောင်းဆိုသော ဆန္ဒထုတ်ဖေါ်ပွဲများ တပြည်လုံးအနှံ့ပေါ်ပေါက်လာလျှင် မူ အကျိုးအရှိဆုံးဖြစ် ပါမည်။ 

ဤတွင် ဥပဒေစိုးမိုးရေးသည် လက်တွေ့အကောင်အထည်ပေါ်လာနိုင်ပါမည်။



အပိုင်း (၄) ကို ဆက်လက်ဖတ်ရှုပါရန်



အောင်ထူး (ရှေ့နေ)

ဒီဇင်္ဘာလ (၁၈) ရက် ၂၀၁၂ ခုနှစ်

ရည်ညွှန်းချက်များ




Related

article 1589078438654458874

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item