ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရန်လိုဟု KNU နှင့် RCSS ဆို

http://albanykarennews.blogspot.com/2013/07/knu-rcss.html
ရန်ကုန်၊ ဇူလိုင် ၁၇
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရန် လိုအပ်ကြောင်း ကရင် အမျိုးသား အစည်းအရုံး KNU နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS တို့က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပူးတွဲ ကြေညာချက် တစ်ရပ် ထုတ်ပြန်သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး ဆွေးနွေးမှု ကဏ္ဍများတွင် နှစ်ဖက် အဖွဲ့အစည်းများ သာမက တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် ဒေါ်အောင်ဆန်းစုကြည် စသည့် အဓိက အဖွဲ့အစည်း ခေါင်းဆောင်အားလုံး တက်တက်ကြွကြွ ပါဝင်ရန် လိုအပ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
ဇူလိုင်လ ၁၆ ရက်နေ့တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် RCSS ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ တွေ့ဆုံ ဆွေးနွေးမှုအပြီး ယင်းသို့ ထုတ်ပြန် ကြေညာခြင်းဖြစ်ကြောင်း KNU အတွင်းရေးမှူး ဖဒို မန်းငြိမ်းမောင် က ပြောကြားသည်။
“ပြည်ထောင်စု ညီလာခံ တစ်ရပ် ကျင်းပနိုင်အောင် ကြိုးစားဖို့လည်း နှစ်ဖွဲ့ သဘောတူခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ ရှိသည့်အနက် KIO/KIA အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကျန်ရှိနေပြီး ဇူလိုင်လအတွင်း အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးကာ တိုင်းရင်းသား လက်နက်ကိုင် အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲ တစ်ရပ် ကျင်းပရန် စီစဉ်လျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း က ဇွန်လအတွင်း ပြောကြားထားသည်။
ဇူလိုင်လ အတွင်းတွင် နိုင်ငံတော်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးမည်ဟု ပြောဆို ထားသော်လည်း လက်ရှိတွင် KIO အဖွဲ့နှင့် ဆွေးနွေးမှုမှာ ထိရောက်မှု မရှိသေးကြောင်း၊ ယင်းကြောင့် ဇူလိုင်လ တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံး ပါဝင်သည့် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ ဖြစ်လာနိုင်ဖွယ် မရှိကြောင်း ဖဒို မန်းငြိမ်းမောင်က ဆိုသည်။
ဇူလိုင်လ ဒုတိယပတ် အတွင်းတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ ကို ပြန်လည် ဖွဲ့စည်းခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်း မရှိပေ။
Post a CommentDefault CommentsFacebook Comments