ဦးဝီရသူ တရားပွဲအနီး ဗုံးကွဲမှု လုံခြုံရေး ကင်မရာမှ တစ်ဆင့် မသင်္ကာသူ နှစ်ဦးကို စစ်ဆေး

http://albanykarennews.blogspot.com/2013/07/blog-post_8664.html
မန္တလေး၊ ဇူလိုင် ၂၃
မန္တလေးမြို့တော်တွင် ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီခန့်က မျိုးစောင့် ဥပဒေ ဦးဆောင်ရေးဆွဲခဲ့သည့် ဆရာတော် ဦးဝီရသူ တရားဟောနေစဉ် ဗုံးပေါက်ကွဲခဲ့ရာ ယင်းနေရာအနီးမှ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့သော အေးမေတ္တာ ဆေးခန်းနှင့် မျက်နှာချင်းဆိုင်ရှိ King မုန့်ဆိုင်တွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာ မှတ်တမ်းအရ မသင်္ကာဖွယ် လူ နှစ်ဦးကို စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး စိုးငြိမ်းက The Voice သို့ ပြောကြားသည်။
စစ်ဆေးခံရသူ နှစ်ဦးသည် ၃၅ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားရှိ လမ်းဘေး ကျူးကျော်တဲတွင် နေထိုင်သူ အသက် ၄၉ နှစ် အရွယ် အမျိုးသား တစ်ဦးနှင့် ကျောက်ဖြတ်လုပ်ငန်း လုပ်ကိုင်သူ အသက် ၃၇ နှစ် အရွယ် အမျိုးသား တစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ဇူလိုင်လ ၂၂ ရက်နေ့က ခေါ်ယူ စစ်ဆေးနေ သည့်အပြင် ၎င်းတို့နှင့် တစ်အိမ်တည်း အတူ နေသူများ ကိုလည်း ခေါ်ယူ စစ်ဆေးနေကြောင်း ရဲမှူးက ဆိုသည်။
ယင်းဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မဟာအောင်မြေ မြို့မ ရဲစခန်းက (ပ) ၄၅၉/၂၀၁၃ ပြစ်မှု ပုဒ်မ၂၈၆/၃၃၇/၃၃၈/၃၀၇ တို့ဖြင့် အမှုဖွင့် စုံစမ်း စစ်ဆေးလျက်ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။
ဇူလိုင်လ ၂၁ ရက် ည ၉ နာရီခန့်က မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက်၊ ၃၆လမ်း၊ (၈၄ x ၈၅) လမ်းကြား၊ အေးမေတ္တာ ဆေး ခန်းရှေ့ လမ်းဘေးတွင် ရပ်ထားသည့် ယာဉ်ပိုင်ရှင် ဒေါက်တာ တင်မြင့်၏ ၇က/၃၀၂၀ တိုယိုတာ ကိုရိုလာ အဖြူရောင် ယာဉ်အနီးမှ ဗြောက်အိုးကွဲသံ ကဲ့သို့ အသံ ဖြစ်ပေါ်ပြီး ယာဉ်၏ နောက်ဘီး နှစ်ဘီးနှင့် ရှေ့ယာဘက် ဘီးတို့ ဘီးပေါက်ခဲ့ကာ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီး လေးဦးနှင့် အမျိုးသား တစ်ဦး၊ ကိုရင် တစ်ပါးတို့ ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ ပေါက်ကွဲမှု နေရာနှင့် ကိုက် ၂၀ အကွာတွင် ပုညကာရီ ဘုံဆွမ်းလောင်း အသင်းမှ ကျင်းပသည့် တရားပွဲတွင် ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ခ) ဦးဝီရသူသည် ည ၈ နာရီ ၄၅မိနစ်တွင် စ၍ တရား ဟောကြားခဲ့ပြီး ည ၁၀ အချိန်တွင် ပြီးဆုံးခဲ့သည်။
ဦးဝီရသူသည် မန္တလေး မစိုးရိမ် ကျောင်းတိုက်မှ ဆရာတော် တစ်ပါးဖြစ်ပြီး မျိုးစောင့် ဥပဒေ ရေးဆွဲမှု တွင် ဦးဆောင် ပါဝင်မှုကြောင့် ပိုမို လူသိများ လာခဲ့သော ဆရာတော် ဖြစ်သည်။ နိုင်ငံတော် သမ္မတရုံး အပါအဝင် ပြည်တွင်း ဘာသာရေး အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များက ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြသည့် ၂၀၁၃ ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်းတွင် လည်း ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းနေသောအခါ ဟု အဓိပ္ပာယ် ရသည့် ဆောင်းပါးကို ဦးဝီရသူ မျက်နှာဖုံးတင်၍ The Face of Buddhist Terror ဟု ဖော်ပြခံရသည့် သံဃာ တစ်ပါးလည်း ဖြစ်သည်။
ဇူလိုင်လ ၇ ရက်နေ့က အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာတွင် ဗုံးကိုးလုံး ဆက်တိုက် ပေါက်ကွဲမှု ကြောင့် မြန်မာ သံဃာ တစ်ပါး အပါအဝင် ငါးဦး ဒဏ်ရာ ရရှိပြီး နောက်ပိုင်း ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အထင်ကရ ဘုရား စေတီများတွင် လုံခြုံရေး တိုးမြှင့်ခဲ့သည်။
ယခုနှစ်ပိုင်းများအတွင်း မန္တလေးမြို့၌ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် ဇွန်လအတွင်း ၈၄ လမ်း၊ ၂၇ x ၂၈ လမ်းကြားတွင် လိုင်စင်မဲ့ ယာဉ်မှ ဗုံးပေါက်ကွဲမှု ဖြစ်သည်။
The Voice Weekly
Post a CommentDefault CommentsFacebook Comments