မြန်မာတပ်မတော် အရာရှိ ၃၀ ကို ဗြိတိန်အစိုးရက ဇန်နဝါရီလတွင် စတင်လေ့ကျင့်ပေးမည်



ရန်ကုန်၊ ဒီဇင်ဘာ ၂၅

သမ္မတဦးသိန်းစိန်၏ ဗြိတိန် ခရီးစဉ်အတွင်း သဘောတူညီခဲ့သည့် မြန်မာ့တပ်မတော် အရာရှိ ၃၀ ကို ဗြိတိန်အစိုးရက လေ့ကျင့် သင်တန်းပေးမည့် အစီအစဉ်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် စတင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး မစ္စတာ အင်ဒရူးပက်ထရစ်က The Voice သို့ ပြောကြားသည်။

အဆိုပါ လေ့ကျင့်မှုကို နေပြည်တော်တွင် ပြုလုပ်သွားမည် ဖြစ်ပြီး အချိန်နှစ်ပတ် ကြာမြင့်မည် ဖြစ်ကြောင်း၊ ယင်းအတွက် ဦးဆောင် လေ့ကျင့်မည့် ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်ဘက်အရာရှိအချို့ မြန်မာနိုင်ငံသို့ ရက်ပိုင်း အတွင်း ရောက်ရှိမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဆိုင်ရာတွေကို Class Room Training အနေနဲ့ ပြုလုပ်မှာပါ” ဟု ဗြိတိန် သံအမတ်ကြီးက ရှင်းပြသည်။

မြန်မာ့တပ်မတော် အဆင့်မြင့် အရာရှိများကို ဗြိတိန်က လေ့ကျင့်ပေးမည့် အစီအစဉ် အပါအဝင် မြန်မာ-ဗြိတိန် စစ်ဘက် ထိတွေ့ ဆက်ဆံမှုအပေါ် စိုးရိမ် ပူပန်မှုမပြုရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မစ္စတာ အင်ဒရူးပတ်ထရစ်က တိုက်တွန်း ပြောကြားထားသည်။

အဆိုပါ လေ့ကျင့်မှုအတွက် ပိုမိုကျယ်ပြန့်သည့် လုံခြုံရေးဆိုင်ရာ ကဏ္ဍများတွင် ကာကွယ်ရေးကို စီမံခန့်ခွဲခြင်း လေ့ကျင့်ရေး အစီစဉ် (MDWSC) တွင် မြန်မာ့တပ်မတော်မှ ပါဝင်စေလိုကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီး Mr. Philip Hammond က သမ္မတဦးသိန်းစိန်၏ လန်ဒန် ခရီးစဉ်အတွင်း အဆိုပြုခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ထိပ်တန်း အရာရှိများကို လေ့ကျင့်မည့် အစီအစဉ်တွင် ဗြိတိန် ကာကွယ်ရေး အကယ်ဒမီနှင့် Cranfield တက္ကသိုလ်တို့ ပူးပေါင်း ပါဝင်မည် ဖြစ်ကြောင်း Telegraph သတင်းတွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်နှင့် ပူးပေါင်းမှု ပိုမိုမြှင့်တင်ရန် ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချဒ်သည် ဇွန်လဆန်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို တွေ့ဆုံခဲ့ သည်။

MDWSC သင်တန်းသည် အသွင်ကူးပြောင်းရေးနှင့် ဒီမိုကရေစီ အလေ့အထများ ဖွံ့ဖြိုးရေးတွင် ကာကွယ်ရေး စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ အထူးပြု သင်တန်းတစ်ရပ် ဖြစ်ကြောင်း၊ စစ်ဘက် အရာရှိများနှင့် လုံခြုံရေးကဏ္ဍတွင် တာဝန် ထမ်းဆောင်နေသည့် အရပ်ဘက် အရာရှိများအတွက် ဖွင့်လှစ်ခြင်း ဖြစ်ပြီး ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာန၏ စိစစ်ခွင့်ပြုချက်အရသာ တက်ရောက်ခွင့်ရှိသည့် သင်တန်းတစ်ခု ဖြစ်ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


The Voice Weekly

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item