ယနေ့ပြုလုပ်မည့် ဗုံးပေါက်ကွဲမှုဆိုင်ရာ မြန်မာအစိုးရ၏သတင်းစာ ရှင်းလင်းပွဲတွင် KNU တက်ရောက် ဖြေရှင်းမည်


 

18.Oct.2013

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုကို ကရင်အမျိုးသား အစည်းအရုံး (KNU) က စေခိုင်းသည်ဟုဆိုသော သတင်းများနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး (KNU) က အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်မည့် ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် တက်ရောက် ရှင်းလင်းမည်ဟု KNU အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး KNU အဖွဲ့၏ ဗဟိုကော်မတီဝင်တစ်ဦး တက်ရောက် ရှင်းလင်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒီဗုံးပေါက်ကွဲမှုတွေကြောင့် KNU နဲ့ အစိုးရကြားမှာရှိတဲ့ ယုံကြည်မှု မထိခိုက်ပါဘူး။ ဗုံးပေါက်ကွဲမှုတွေကို အစိုးရနဲ့ ပူးပေါင်းတားဆီးဖို့ KNU မှာ ဆန္ဒရှိတဲ့အတွက် သတင်းစာရှင်းလင်းပွဲမှာ ပါဝင်တာပါ” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ညတွင် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲခဲ့မှုတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) က ပါဝင်ပတ်သက်မှုများ ရှိကြောင်း ဝန်ခံသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံတကာ သတင်းဌာနများနှင့် ပြည်တွင်း နေ့စဉ်ထုတ် သတင်းစာအချို့တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုသည် KNU အဖွဲ့က လုပ်ဆောင်ခြင်း မဟုတ်ကြောင်း KNU ကာကွယ်ရေးဌာန တာဝန်ခံ ဖဒိုစောရောဂျာခင် ငြင်းဆန်ထားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုများသည် ပြည်သူလူထုကို နာကျင် ထိတ်လန့်စေသဖြင့် ယင်းလုပ်ဆောင်ချက်များကို ဆန့်ကျင် ကန့်ကွက်ကြောင်း၊ KNU အနေနှင့် စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်း ဆောင်ရွက်နေသောကြောင့် ယင်းသို့ ဆောင်ရွက်မည် မဟုတ်ကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဖာပွန်ခရိုင် အခြေစိုက် KNU တပ်မဟာ (၅) က ထုတ်ပြန်သည်။

ရန်ကုန်မြို့တော် ဆူးလေဘုရားလမ်းပေါ်ရှိ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်မှုကို ကျူးလွန်သည်ဟု သံသယရှိသူ ဖာပွန်မြို့နယ် သူမွဲထကျေးရွာတွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် စောမြင့်လွင် ကို အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် သထုံခရိုင် ဘီးလင်း - နတ်ကြီး ကားလမ်းပေါ်တွင် ဖမ်းဆီးခဲ့ကြောင်း သထုံခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရမိသူသည် KNU တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ကြောင်း၊ ၎င်းသည် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြုပြင်ပြောင်းလဲရေး အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ချက်များကို မကျေနပ်ကြောင်း ပြသလိုသဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း KNU မှ အမည်မဖော်လိုသူတစ်ဦးက ပြောကြားသည်ဟု AFP သတင်း၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်း မြို့ကြီးအချို့တွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ်၊ ဗုံးတွေ့ရှိရမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကာ လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

Related

video 6221792293400126489

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item