ဒီတပတ်အကြိုက်ဆုံး အယ်ဒီတာ့အာဘော်
https://albanykarennews.blogspot.com/2013/10/blog-post_3743.html
The Voice Weekly
(အောက်တိုဘာလ ၂၁ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)
မီဒီယာလောကကို အလွဲလမ်းပြခြင်းပေလော
အရပ်သားအစိုးရ အသွင်ပြောင်းပြီး စာပေစိစစ်ရေး ဖျက်သိမ်းပြီးနောက် သတင်းလွတ်လပ်ခွင့် ရလာသည့်အခါ မြန်မာသတင်းမီဒီယာ လောက အတွင်းသို့ မူလက သတင်းသမားများနှင့် သတင်းမီဒီယာ၏ သဘောသဘာဝကို နားလည်သူ ထုတ်ဝေသူများသာမက နိုင်ငံရေး ရည်ရွယ်ချက်နှင့် အခြားရည်ရွယ်ချက်များဖြင့် သတင်းမီဒီယာ၏ အနှစ်သာရကို နားမလည်သည့် ခရိုနီတစ်ပိုင်း အာဏာပိုင်တစ်ပိုင်း ထုတ်ဝေသူများ ဝင်ရောက် လာခဲ့သည်။
အဆိုပါ ထုတ်ဝေသူ မျက်နှာသစ်များ ဝင်ရောက်လာခြင်း၏ အကျိုးဆက်မှာ မီဒီယာလောကအပေါ် ပြည်သူလူထု၊ အာဏာသုံးရပ်၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် တပ်မတော်တို့က သံသယဖြင့် မေးခွန်း ထုတ်လာခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်စေသည့် အကြောင်းအရင်းပေါင်းများစွာ ရှိနိုင်သည့်အနက် အထင်ရှားဆုံးနှင့် ထင်သာမြင်သာ အရှိဆုံးတစ်ချက်မှာ ၎င်းတို့ အချင်းအချင်းအကြား ရှိနေသော အာဏာနိုင်ငံရေး ဖြစ်သည်။
ယခင်စနစ်ဟောင်းက ၎င်းတို့ အချင်းချင်းအကြား ရှိခဲ့သော မပြေလည်မှုများ၊ လက်ရှိစနစ်ပြောင်း အခင်းအကျင်း အသစ်အရ အာဏာခွဲဝေမှုအပေါ် မကျေနပ်မှုများ၊ ပါတီအဖွဲ့အစည်း တစ်ခုအတွင်းရှိ အုပ်စုခွဲများအကြား ဝါဒ၊ ခံယူချက်၊ သဘောထား၊ ရည်မှန်းချက်ချင်း မတူကွဲပြားမှုကြောင့် ဖြစ်ပေါ်လာသော ပြိုင်ဆိုင်မှုများ၊ စနစ်သစ်အရ ၎င်းတို့ကိုယ်စီ ရရှိနေသော အခွင့်အရေး၊ ရာထူး၊ အာဏာရရှိမှု အတိုင်းအတာအလိုက် မျက်မှောက် ကြုံတွေ့နေရသော အခြေအနေများအပေါ် စနစ်ဟောင်းက စွဲကပ်လာခဲ့သည့် တလွဲမာနများဖြင့် တုံ့ပြန်မှုများ၊ ၎င်းတို့ သင်ယူ၊ ဖြတ်သန်း၊ ကျင်လည်လာခဲ့သည့် ပတ်ဝန်းကျင်တွင် အဆင့်ဆင့် ဖိနှိပ်ခံခဲ့ရခြင်း၏ အကျိုးဆက်အရ မသိစိတ်တွင်း ကိန်းအောင်းနေခဲ့သော အငုံ့စိတ်၊ နာကြည်းစိတ်နှင့် လက်စားချေလိုစိတ်များ စသည့် စိတ်ခံစားမှုများကို ၎င်းတို့ ထုတ်ဝေသော မီဒီယာများမှတစ်ဆင့် ပုံဖော်နေခြင်းမှာ အကြောင်းအရင်း နံပါတ်တစ် ဖြစ်သည်။
စစ်အာဏာရှင်စနစ်ဖြင့် နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့သည့်အပြင် ကိုယ်တိုင်လည်း အာဏာရှင် ဖြစ်ခဲ့သူများသည် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့် တန်ဖိုးများကို နှစ်နှစ်ကာကာ ယုံကြည်မှု မရှိပေ။ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများ၊ အာဏာရှင်စနစ်ဖြင့် တင်းခံသော နိုင်ငံများစွာတို့၏ ဆိုးရွားသော ပုံရိပ်သင်ခန်းစာများနှင့် ၎င်းတို့၏ ရှေရည် ရပ်တည်ရှင်သန်ရေးတို့အတွက် တစ်ခုတည်းသော အားကိုးရာ ထွက်ပေါက်မှာ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းခြင်းဟု ကိုယ်ကျိုးနှင့်ယှဉ်သော အသိကြောင့်သာ အများပြောသည့် ဒီမိုကရေစီကို မဖြစ်မနေ လက်ခံလာရခြင်း ဖြစ်သည်။
ထို့အပြင် ယခင်စနစ်ဟောင်း တစ်လျှောက်လုံး အာဏာကြောင့် ပိုင်ဆိုင်ထားသည့် ချမ်းသာကြွယ်ဝမှုနှင့် စီးပွားရေး လုပ်ငန်းများ၊ အာဏာအလွဲသုံးမှုများနှင့် ၎င်းတို့၏ နောက်ဆက်တွဲ အကျိုးဆက်များကို ဖုံးဖိထားလိုကြသည်။ ဒီမိုကရေစီနှင့် သတင်းလွတ်လပ်ခွင့်မှာ ဒင်္ဂါးပြားတစ်ခု၏ ခေါင်းနှင့် ပန်းကဲ့သို့ ခွဲခြားမရပေရာ ဒီမိုကရေစီ အသွင်ပြောင်းပါက သတင်းလွတ်လပ်ခွင့်ပါ မဖြစ်မနေ ပေးရမည် ဖြစ်သည်။ ထိုအခါ အတိတ်ကာလက ၎င်းတို့၏ ပုံရိပ်ဆိုးများ ပြန်လည် တူးဆွလာမည်ကိုလည်း စိုးရိမ်မှု ရှိကြသည်။
ထို့ကြောင့် ၎င်းတို့အမြင်တွင် လွတ်လပ်ခွင့်ကို အကန့်အသတ်ဖြင့် ပေးမှရမည်။ လူတိုင်းသည် ဒီမိုကရေစီနှင့် မထိုက်တန်သေး။ တဖြည်းဖြည်း တစ်ရစ်ချင်း လျှော့ပေးသွားရမည်။ လိုအပ်လျှင် ဥပဒေဖြင့် ထိန်းချုပ်ထားရမည် စသည့်အမြင်များ ၎င်းတို့ထံတွင် အလိုအလျောက် ပေါ်လာတတ်သည်။ သို့သော် လက်တွေ့အားဖြင့် ထိုသို့ ထိန်းချုပ်ရန် မလွယ်ကူပေ။ ထိုအခါ သတင်းမီဒီယာ လောကသည် လွတ်လပ်ခွင့်နှင့် မထိုက်တန်ကြောင်း သက်သေပြနိုင်လျှင် ၎င်းတို့လိုသလို ထိန်းချုပ်နိုင်မည်ဟု ယူဆတတ်ကြသည်။ ယင်းကြောင့် လက်ရှိ မြန်မာမီဒီယာ လောကအတွင်း ကျင့်ဝတ် စံနှုန်းများနှင့် လွဲချော်နေသော ရေးသား၊ ထုတ်ဝေမှုများ မြင်တွေ့နေရခြင်းမှာ အကြောင်းအရင်း နံပါတ်နှစ် ဖြစ်သည်။
ထိုအခြေအနေတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ သတင်းလွတ်လပ်ခွင့် အလို့ငှာ ဆောင်ရွက်ချက်၊ ရပ်တည်ချက်များသည် ယခင်စနစ်ဟောင်းမှ အတွေးအခေါ်ဟောင်း၊ အယူအဆဟောင်း၊ အပြုအမှုဟောင်းများ ရှိနေဆဲ လက်ရှိစနစ်သစ်၏ အာဏာသုံးရပ် အတွင်းမှ လူပုဂ္ဂိုလ်များအတွက် မျက်စိစပါးမွှေး စူးစရာ ဖြစ်လာသည်။ စာနယ်ဇင်းကောင်စီထံ ကျင့်ဝတ်ဖောက်ဖျက်သော သတင်းမီဒီယာများနှင့် ပတ်သက်ပြီး ပထမဦးဆုံးနှင့် အများဆုံး တိုင်ကြားသူမှာ ပြန်ကြားရေး ဝန်ကြီးဌာန ဖြစ်သည်။ ပြန်ကြားရေးဝန်ကြီးဌာနက တိုင်ကြားခံရသော သတင်းမီဒီယာများမှာ မီဒီယာအလုပ်ကို ဝါသနာပါ ချစ်ခင်မှုဖြင့် ထုတ်ဝေနေကြသူများ ဖြစ်သည်။ သို့သော် လက်ရှိ သတင်းမီဒီယာ လောကအတွင်း ကျင့်ဝတ်နှင့်မညီ ရမ်းကားနေသော မီဒီယာအချို့ကိုမူ စကားဦးပင် မသန်းရဲ၊ မထိမတို့ ရဲခဲ့ခြင်းမှာ များစွာစဉ်းစားစရာ ဖြစ်သည်။ ထိုသို့ စဉ်းစားစရာ ကောင်းသည့်အပြင် ၎င်းတို့ မတို့ရဲ၊ မထိရဲသည့် မီဒီယာအချို့က မြန်မာ သတင်းမီဒီယာ လောကကို တမင်ရည်ရွယ်ချက်ဖြင့် နာမည်ဖျက်နေခြင်းပင်လောဟု ထပ်ဆင့်မေးခွန်း ထုတ်စရာ ရှိသည်။ တစ်နည်းအားဖြင့် သတင်းမီဒီယာ လောက၏ အရှိန်အဝါနှင့် ဂုဏ်သိက္ခာကို လျှော့ချ လိုခြင်းပေလောဟု မေးရမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ အခြေခံ လူသားအခွင့်အရေးများ ရရှိရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေကြသူ Stakeholder များနှင့် မီဒီယာများအကြား ရည်ရွယ်ချက်ရှိရှိ ရန်တိုက်ပေးမည့် အန္တရာယ်ကို သတိဖြင့် အထူး သတိထားသင့်ကြောင်း ပြောလိုရင်း ဖြစ်သည်။
အယ်ဒီတာ (၂၀-၁၀-၂၀၁၃)

Post a CommentDefault CommentsFacebook Comments