မြန်မာ့မြေသင်းရနံ့ တဒင်္ဂ ရှူရှိုက်ခဲ့ရသော နယူးယောက်အတာသင်္ကြန်ပွဲ
https://albanykarennews.blogspot.com/2013/07/blog-post_7.html
နယူးယောက်ပြည်နယ်၊ Albany, Rensselaer မြို့မှာ ဒီကနေ့ ကျင်းပတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲမှာ စစ်အာဏာရှင်ကို တွန်းလှန်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ၊ စစ်အစိုးရရဲ့ ကျူးကျော် ထိုးစစ်ဆင်မှုကြောင့် ကိုယ့်ရပ်ရွာကို စွန့်ခွါပြီး ထွက်ပြေးလွတ်မြောက်လာကြတဲ့ ထိုင်းက ကရင်စစ်ပြေး ဒုက္ခသည်များ၊ မတရားမှုကို တွန်းလှန်ရင်း မလေးရှားမှတဆင့် ရောက်ရှိလာကြတဲ့ မျိုးချစ်ကရင် အမျိုးသားများ၊ အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံ နေထိုင်နေကြတဲ့ မြန်မာ တိုင်းရင်းသားများနဲ့ ဘာသာပေါင်းစုံ အလွှာပေါင်းစုံကို တွေ့ခဲ့ရပါတယ်။
သူတို့တွေဟာ စံနစ်ဆိုးကြောင့် ထွက်ပြေးရောက်ရှိလာကြပေမဲ့ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ရိုးရာ ကိုယ့်ဟန်ပန်ကို ဖက်တွယ်ခုံမင်နေဆဲပဲဆိုတာ ဒီပွဲက သက်သေပြနေပါတယ်။
| မလေးရှားမှ ရောက်ရှိလာကြသူများ ဒီပွဲမှာ ပြန်လည်ဆုံစည်းကြပါတယ်။ |
ကျွန်တော် ဒီသင်္ကြန်ပွဲတော် ကျင်းပရာနေရာကို ရောက်ရောက်ချင်းမှာပဲ ရေပက်ကစားနေကြတဲ့ ကလေးသူငယ်တွေ၊ မုန့်မျိုးစုံနဲ့လှူဒါန်းနေကြတာတွေ စင်ပေါ်က တူးပို့တူးပို့ ယိမ်းအကတွေနဲ့
ဆီးကြိုလို့နေပါတယ်။ ဒီအခိုက်အတန့်မှာပဲ တိုက်ခိုက်လာတဲ့ လေပြည်ထဲမှာ မြန်မာ့မြေသင်းရနံ့ကို ရှူရှိုက်ရသလို ခံစားခဲ့ရပါတယ်။
အားလုံးရဲ့ မျက်ဝန်းတွေထဲမှာ စံနစ်ဆိုးကပေးတဲ့ နာကျဉ်းမှုတွေ ပျက်ပြယ်နေပြီး ကိုယ်စီအပြုံးနဲ့ ကိုယ့်ရိုးရာ ကိုယ့်ယဉ်ကျေးမှုကို ဂုဏ်ယူစွာနဲ့ ဆင်နွှဲနေကြတာကို တွေ့ခဲ့ရပါတယ်။
စည်းလုံးခြင်းပြယုဂ်သဘောဆောင်နေတဲ့ ဒီရိုးရာသင်္ကြန်ပွဲကို ရာသီဥတုအခြေနေကြောင့် မြန်မာပြည်နဲ့ တလတည်း မကျင်းပနိုင်ပေမဲ့ ဒီနေ့ဒီအချိန်ဒီရာသီလို နှစ်စဉ်နှစ်တိုင်းကျင်းပမဲ့ အားအင်တွေလည်း ကိုယ်စီရှိနေကြတာကို တွေ့ရပါတယ်။
လာရောက်အားပေးနေကြတဲ့ အမေရိကန်နိုင်ငံသားတွေက ကျွန်တော်လို မြန်မာ့မြေသင်းရနံ့ကို ရှူရှိုက်မိမယ်မထင်ပေမဲ့ ကိုယ့်ယဉ်ကျေးမှုကို ပြသခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ်။
ဦးစီးဦးဆောင်သူတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
Post a CommentDefault CommentsFacebook Comments