ထိန်းချုပ်၍ မရသေးသော မိတ္ထီလာအရေးနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာချက်
https://albanykarennews.blogspot.com/2013/03/blog-post_3788.html
မိတ္ထီလာမြို့၌ သာမန်ဈေးအရောင်းအဝယ်အချင်းများရာမှ လူအုပ်စုဖြင့် အဆောက်အအုံများ၊ ဈေးဆိုင်ခန်းများ ဖျက်ဆီးမှု ဖြစ်ပွားခဲ့
Thursday, 21 March 2013 06:5
မတ်(၂၀) ရက် ည (၈) နာရီ မှ စ၍ ပုဒ်မ ၁၄၄ ထုတ်ပြန် တားဆီးထား မြို့နယ်၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ဖောက်ဖျက်ပြီး ဆူပူ အကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများကို ဦးဆောင်ပြုလုပ်ခဲ့သူများအား တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဖော်ထုတ်သွားမည်
နေပြည်တော် မတ် (၂၁)
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ မတ် (၂၀) ရက်နံနက်ပိုင်းတွင် သာမန်ဈေးအရောင်းအဝယ်အချင်းများရာမှ ရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီး မကျေနပ်သူများက လူအုပ်စုဖြင့် အဆောက်အအုံနှင့် ဈေးဆိုင်ခန်းအချို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းမှု မပျက်ပြားစေရေးအတွက် မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးက မတ် (၂၀) ရက် ည(၈) နာရီမှ စတင်၍ မိတ္ထီလာမြို့၌ ပုဒ်မ (၁၄၄) ထုတ်ပြန်တားဆီးထားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မတ် (၂၀) ရက် နံနက် (၉) နာရီ ခွဲခန့်တွင် မိတ္ထီလာမြို့ မြို့မ အရှေ့ပြင် ဈေးရှိ ရွှေဆိုင်တစ်ဆိုင်သို့ မိတ္ထီလာမြို့နယ် ပြွန်ကောက်ကျေးရွာနေ ဦးခင်မောင်ဝင်း၊ ဇနီး မအေးနိုင်နှင့် မညိုသန်း တို့ သုံးဦးက ရွှေဆံကုတ်တစ်ခုအား ရောင်းချရန် သွားရောက်ခဲ့ကြောင်း၊ ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦး (ခ) အာရှစ်၊ ဇနီး မမြင့်မြင့်အေး၊ ဆိုင်လုပ်သားညီညီ (ခ) မင်းအောင်တို့က ရွှေဆံကုတ်အား ငွေကျပ် (၁၀၅၀၀၀) ပေးမည်ဟု ဈေးညှိနှိုင်းသဘောတူပြီး မှတ်ကျောက်တင်ရန် ဈေးအတွင်းယူသွားခဲ့ကြောင်း၊ ဈေးအတွင်းမှ ပြန်ရောက်ချိန်တွင် ရွှေဆံကုတ်မှာ ပဲ့နေပြီး ဆိုင်ရှင်တို့က ငွေကျပ် (၅၀၀၀၀) သာပေးတော့မည်ဟု ပြောဆိုရာ ဆိုင်ရှင်မိသားစုနှင့် ရွှေဆံကုတ်ရောင်းချသူ မိသားစုတို့ အချင်းများပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကိုခင်မောင်ဝင်းမှာ ပေါက်ပြဲ ဒဏ်ရာ (၁) ချက်၊ မျက်နှာ ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မိတ္ထီလာ အမှတ် (၂) ရဲစခန်း၌ (ပ) ၇၄/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၃၂၅/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ပြီး ဆိုင်ရှင်ဦးထွန်းထွန်းဦး အပါအဝင် (၃) ဦးအား ဖမ်းဆီးထိန်းသိမ်းထားရှိခဲ့ကြောင်း သိရသည်။
ထို့နောက် မွန်းလွဲ (၁) နာရီခန့်တွင် အခင်းဖြစ်ရွှေဆိုင်အနီးသို့ အထက်ပါဖြစ်စဉ်အပေါ် မကျေနပ်သူ လူအုပ်စုများ ရောက်ရှိလာပြီး ယင်းအုပ်စုမှ လူအချို့က ဈေးဆိုင် (၆) ဆိုင်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ဈေးအနောက်ဘက်ရှိ ဘာသာရေး အဆောက်အအုံတစ်လုံးအား ဖျက်ဆီးခြင်း၊ အနီးရှိ ဆိုင်ကယ် (၄) စီးအား ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြကြောင်း၊ ထို့နောက်ညပိုင်းအထိ လူအုပ်စုများကတစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အဆောက်အအုံများ၊ ဈေးဆိုင်ခန်းများ၊ ဆိုင်ကယ်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူအုပ်စုများ၏ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဖျက်ဆီးမှုများကြောင်း ဈေးအရှေ့ပြင်ရပ်ကွက်ရှိ အခင်းစတင်ဖြစ်ပွားသည့် ရွှေဆိုင်တစ်ဆိုင်၊ ဘာသာရေးအဆောက်အအုံတစ်လုံးနှင့် ဂျစ်ကားတစ်စီး၊ အောင်ဇေယျာရပ်ကွက်ရှိ သုံးဘီးဆိုင်ကယ် နှစ်စီးနှင့် ဆိုင်ကယ်တစ်စီး၊ တော်ဝင်နန်းလမ်းဆုံ အနီးရှိ ဆိုင်ခန်းများနှင့် အခြားအဆောက်အအုံတစ်လုံး၊ သီရိမင်္ဂလာရပ်ကွက်ရှိ မြို့နယ် ပညာရေးမှူးရုံး အဆောက်အအုံတစ်လုံး၊ ရန်မျိုးအောင် ရပ်ကွက်ရှိ ကားပစ္စည်းဆိုင်နှင့် အဆောက်အအုံ အချို့၊ ပြည်သာယာတောင်ရပ်ကွက်ရှိ အဆောက်အအုံအချို့၊ ရတနာမာန်အောင်ရပ်ကွက်ရှိ အဆောက်အအုံအချို့ နှင့် ဆယ်ဘီးကားတစ်စီး ပျက်စီးဆုံးရှုံးခဲ့သည်။
ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် ယနေ့မွန်းလွဲ (၁) နာရီ အထိ ရရှိသော သတင်းများအရ သံဃာတော် (၁) ပါး ပျံလွန်တော်မူကာ၊ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၁) ဦး စုစုပေါင်း (၅) ဦး သေဆုံးခဲ့ကြောင်း၊ (၃၉) ဦး မစိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့ကြသဖြင့် မိတ္ထီလာဆေးရုံ၌ အတွင်းလူနာ/ အပြင်လူနာ များအဖြစ် ဆေးဝါးကုသပေးခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်၍ မတ် (၂၀) ရက်ည (၈) နာရီမှ စ၍ မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးက မိတ္ထီလာ မြို့ပေါ်ရှိရပ်ကွက် (၁၄) ရပ်ကွက်အတွင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို ကျင့်သုံး တားမြစ်မိန့် ထုတ်ပြန်ထားကြောင်းသိရှိရသည်။
အများပြည်သူတို့၏ လိုအင်ဆန္ဒနှင့် အညီ တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် ဥပဒေစိုးမိုးရေးတို့ကို ဖောက်ဖျက်ပြီး ဆူပူအကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများကို ဦးဆောင် ပြုလုပ်ခဲ့သူများအား တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းရရှိသည်။

Post a CommentDefault CommentsFacebook Comments