ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်အား လူသတ်မှုအတွက် စွဲချက်တင်
https://albanykarennews.blogspot.com/2012/12/blog-post_9770.html
ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဗီဂျာဂျီဗာသည် ယခုအခါ လူသတ်မှုအတွက် စွဲချက်တင်ခြင်း ခံလိုက်ရပြီ ဖြစ်ကြောင်း ပြည်တွင်း သတင်းဌာနများက ဖော်ပြခဲ့သည်။ အဘီဆစ်သည် ၎င်းအာဏာရနေသည့် ကာလအတွင်း ဖြစ်ပေါ်လာသည့် အစိုးရ ဆန့်ကျင်ရေး အဓိကရုဏ်းများကို ဖြိုခွဲရာတွင် တက္ကစီသမားတစ်ဦး သေဆုံးမှု၌ ပါဝင် ပတ်သက်ခဲ့ကြောင်း စွပ်စွဲ ခံထားရသည်။ ထိုစဉ်က စစ်သားများက နိုင်ငံရေး ပဋိပက္ခများအတွင်း ပစ်ခတ်ခဲ့ရာ အဆိုပါ တက္ကစီယာဉ်မောင်း ကျည်ဆန်ထိမှန် သေဆုံးသွားခြင်း ဖြစ်သည်။
(၂၀၁၀)ပြည့်နှစ်က အဘီဆစ် အာဏာရနေစဉ် ထောင်ပေါင်းများစွာသော အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူများက အစိုးရ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘန်ကောက်မြို့၏ နေရာအချို့ကို ပိတ်ဆို့ထားသော ဆန္ဒပြသူများအား ကျည်ဆန်အစစ်များဖြင့် ပစ်ခတ်ရန် အဘီဆစ်က အမိန့်ပေးခဲ့သည်။ အဘီဆစ်က လက်ရှိ စွဲချက်အပေါ် ငြင်းဆိုထားပြီး ယင်းသည် နိုင်ငံရေး ပရိယာယ် တစ်ခုသာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ ဆန္ဒပြနေသည့် ပဋိပက္ခ ကာလများအတွင်း စစ်သားနှင့် အရပ်သား (၉၀)ကျော် သေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်များသည် (၂)လကြာပြီးမှ ရပ်ဆိုင်းသွားခြင်းလည်း ဖြစ်သည်။
အဘီဆစ်နှင့် ၎င်း၏ လက်ထောက်ဖြစ်သူ ဆူသပ် သောင်ဆူဘန်တို့သည် ယခုစွဲချက်တင်ချိန်တွင် အဓိက တာဝန်ရှိသူများအဖြစ် ညွှန်းဆိုခံခဲ့ရသည်။ တက္ကစီယာဉ်မောင်း ဖန်ကမ်ကွန် သေဆုံးမှုနှင့် ပတ်သက်ပြီး ထိုင်းတရားရုံး တစ်ခုက စက်တင်ဘာလတွင် စတင်စစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။ ယခုအခါ အတိုက်အခံခေါင်းဆောင်အဖြစ် ရပ်တည်နေသော အဘီဆစ်က မိမိအနေဖြင့် ကျည်ဆန်အစစ်များ အသုံးပြုရန် စစ်တပ်ကို ခွင့်ပြုခဲ့ခြင်းမှာ အစိုးရသည် ယင်းအခြေအနေတွင် ရွေးချယ်စရာ အလွန်နည်းနေ၍ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။
"အဲဒီတုန်းက ဆန္ဒပြသူတွေကို ကျွန်တော်တို့ ညှိဖို့ ကြိုးစားခဲ့တာပါပဲ။ ဒါပေမဲ့ သူတို့ဘက်က လက်မခံခဲ့ဘူး။ ဒီအခြေအနေမှာ ကျွန်တော်တို့ရဲ့ တာဝန်က ငြိမ်သက်မှုကို ပြန်ရယူဖို့ပါ။ ဒီအတွက် ကျွန်တော်တို့ လုပ်နိုင်စွမ်း ရှိတဲ့ဘက်က ကြိုးစားခဲ့ရပါတယ်"ဟု အဘီဆစ်က ပြောကြားခဲ့သည်။ ထိုစဉ်က ဆန္ဒပြခေါင်းဆောင် (၂၄)ဦးသည်လည်း အကြမ်းဖက် ပုဒ်မများဖြင့် တရားစွဲ ခံခဲ့ရသေးသည်။ အဆိုပါ ဖြစ်ရပ်များအပြီးနောက် (၂၀၁၁)ခုနှစ်၊ ဇူလိုင်လတွင် ရွေးကောက်ပွဲ ကျင်းပသည့် အခါ၌မူ လက်ရှိဝန်ကြီးချုပ် ယင်လက်ခ် ရှင်နာဝတ်ထရာ ဦးဆောင်သည့် အဘီဆစ်၏ ပြိုင်ဘက် ပါတီက အနိုင်ရကာ နိုင်ငံအာဏာကို လွှဲယူသွားနိုင်ခဲ့သည်။
Source: BBC

Posted by
Unknown

Post a CommentDefault CommentsFacebook Comments