ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆောင်းပါးပေါင်းချုပ် စာအုပ် နိဒါန်း

(ဤနိဒါန်းမှာ စာရေးသူ ရေးသားပြုစု၍ ရန်ကုန်နှင့် အခြားမြို့ ကြီးများတွင် ယနေ့ စတင်ဖြန့် ချီ ရောင်းချလျှက်ရှိသော ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ဆောင်းပါးပေါင်းချုပ်စာအုပ်မှ ဖြစ်ပါသည်။)
                   
နိဒါန်း
ယခုအချိန်သည် ဖွဲ့ စည်းပုံအခြေခံဥပဒေရေးရာများနှင့် စပ်လျှဉ်း၍ မြန်မာနိုင်ငံ နိုင်ငံရေး အင်အားစုများ အတွင်း စိတ်အ၀င်စားဆုံး ကာလဟု ပြောနိုင်သည်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင် ဆင်ဘို့ လိုသည် ဟူသောအချက်ကို ၄င်းတို့ အားလုံးကပင် လက်ခံလာကြရသည်။ ယင်း ဥပဒေ အတိုင်း ဆက်သွားလျှင် တိုင်းပြည် ချောက်ထဲကျနေသော အခြေ အနေမှ ရုန်းထွက်နိုင်မည် မဟုတ်၊ အခြေခံ လူထု များ ဆင်းရဲတွင်းနက်သည်ထက်နက်နေသည့် ဘ၀မှ ကယ်တင်နိုင်မည် မဟုတ်၊ ပြည်တွင်းငြိမ်းချမ်း ရေး တည်ဆောက်နိုင်မည် မဟုတ် ဟူသည်ကို သုံးနှစ်နီးပါးမျှ လက်တွေ့ ကျင့်သုံးလာခဲ့ပြီးနောက် ပိုမို၍ သိလာ ကြသောကြောင့်ပင်။
သို့ ရာတွင် ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်မည်ဟု ကြွေးကြော်နေကြသော်လည်းဖွဲ့ စည်းပုံ၏ အခြေ ခံကျောရိုးဆိုင်ရာပြဌာန်းချက်များ[1] အားမည်သို့ မည်ပုံပြင်သွားမည်၊ ပုဒ်မ ၄၃၆ ပါ ပြဌာန်းချက်အရပင် အချို့  မျှကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်သွားနိုင်သည် ဟူသည်ကို မည်သည့် အင် အားစုကမျှ တိတိကျကျ မပြောနိုင်။

ပြင်ကို ပြင်မှ ဖြစ်မည်ကို တဘက်မှ နေ၍ မလွှဲမရှောင်သာ လက်ခံကြရသည်။ အခြားတဘက် တွင်မူ ပြင်ဆင်ရန်ပြဌာန်းထားသော ပုဒ်မ ၄၃၆ အရ ချုပ်မိပြီးနေသောကြောင့် (အရေးမပါသည့် ပြဌာန်းချက် များမှ လွဲ၍) အခြေခံကျောရိုးဆိုင်ရာပြဌာန်းချက်များကို ပြင်၍မရနိုင်ဟူသည်ကို ငြင်း၍မရကြ။ သို့ ရာတွင် ၀န်လည်း ၀န်မခံကြ။ တံလျှပ်မှန်းသိပါလျှက် ရေ ဟူ၍သာ လက်ညှိုးထိုးရင်း လူထုကို ဦးဆောင်ဘို့ ကြိုးစား နေကြသော အင်အားစုများမှာ မနည်းလှ။ စင်စစ်အားဖြင့်မူ မြန်မာနိုင်ငံသည် ယခုအချိန်တွင် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အကြပ်အတည်း[2] နှင့် ရင်ဆိုင်နေရပါပြီ။

ခြင်္သေ့ကြီးပမာ ရဲရင့်လှသော ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး အား ကြိုးပေး ကွပ်မျက်ခဲ့သည့် ဖိနှိပ်ဆိုးဝါးသော တရားစီရင်ရေးနစ်ဟောင်းကြီးမှာ ယခုတိုင်အကောင်အထည်နှင့် တည် လျှက်ရှိနေသည်။ ၂၀၀၈ ဖွဲ့ စည်းပုံက ယင်းကို ဆက်လက်သက်ဆိုးရှည်စေသည့်အပြင် သီးခြားလွတ်လပ် သည့် စစ်ဘက်ဆိုင်ရာ တရားရုံးများ ဖွဲ့ စည်းတည်ထောင်စေခြင်းဖြင့် တရားစီရင်ရေးစနစ်မှာ ကမ်းကုန် အောင်ပင် ဆိုးဝါးသည့် အခြေအနေရောက်နေသည်။ ဖွဲ့ စည်းပုံကို ပြင်မည်၊ ဥပဒေစိုးမိုးရေးအရေး ကြီး သည် ဟု ကြွေးကြော်နေကြသူများမှာ အခြားကဏ္ဍများကိုထားပါဦး၊ အနည်းဆုံးအားဖြင့် ၁၉၄၇ ခုနှစ် ဖွဲ့  စည်းပုံမှာ ကဲ့ သို့  လွတ်လပ်သည့် တရားစီရင်ရေး ပေါ်လာအောင် မည်သို့ ပြင်သွားမည်ကို ပင် မပြောနိုင်ကြ။ သို့ ဖြစ်၍ မည်သို့ လျှင် ဥပဒေစိုးမိုးရေးကို တည်ဆောက်မည်နည်း။ ဥပဒေစိုးမိုးရေး မရှိပါက မည်သို့ လျှင် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှာဖွေနိုင်မည်နည်း။ စီးပွားရေး တိုးတက်အောင်လုပ်နိုင်မည်နည်း။

၂၀၀၈ ဖွဲ့ စည်းပုံ၏အခြေခံကျောရိုးများအား ပြင်၍မရနိုင်ကြောင်း သိရှိသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်း များက ၄င်းတို့ အသင့်ပြင်ဆင်ထားသည့် ဖက်ဒရယ် ဖွဲ့ စည်းပုံ အခြေခံဥပဒေ (မူကြမ်း) တရပ်အားတင်ပြရန် ကြိုးပမ်းလာသောအခါ ခြိမ်းခြောက်မှု နှင့် ကြုံလာရပြန်သည်။ ယင်းမှာ “ဖွဲ့ စည်းပုံကို အသစ်ရေးရန် ကြိုးစားလျှင် အာဏာသိမ်းလိမ့်မည်” ဟူပင်။ ယင်းမှာ အခြေခံဥပဒေ အသစ် ရေးဆွဲရေးကို ယောင်လို့ မှ မစဉ်းစားနှင့်၊ ၂၀၀၈ ဖွဲ့ စည်းပုံ အောက်မှာပင် ဒူးထောက် ၀ပ်တွားရင်း စစ်ကျွန် အတွင်း ရာသက်ပန်သက်ဆင်းနေကြ၊ ဟူသော သတင်းစကားကို “အာဏာသိမ်း”  ဓါး ပြ၍ ခြိမ်းခြောက် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စင်စစ်အားဖြင့်မူ ၂၀၀၈ ဖွဲ့ စည်းပုံကိုဖျက်သိမ်းပြီး အာဏာထပ်သိမ်းရမှာကို အကြောက်ကြီး ကြောက်သူများမှာ စစ်အာဏာရှင် ဟောင်း၊ သစ်များ ကိုယ်တိုင် ဖြစ်သည်။ ၂၀၀၈ ဖွဲ့ စည်းပုံနှင့်အညီ နိုင်ငံ အာဏာကို သိမ်းထားပြီးဖြစ်သောကြောင့်ပင်။ “ငရဲတွင်း သို့  တွန်းချခံခဲ့ရပြီးနောက် မီးပုံကို ကြောက်ရန် မလိုပါ။” သို့ ရာတွင်၂၀၀၈ ဖွဲ့  စည်းပုံအရ စစ်အာဏာရှင်များက အာဏာသိမ်းထားပြီး ဖြစ်သည်ကို အခြေခံ လူထုအများစုကြီး သဘော မပေါက်ကြ။ ဤတွင် ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ သိမြင်မှု သည် အရေးကြီး လာသည်။

ယင်းသို့ ဖြစ်၇ခြင်းမှာ လူထုညံ့ ၍မဟုတ်ပါ။ ၁၉၆၂ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စ၍ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာမှု များအား လူထုအတွင်းကျယ်ကျယ်ပြန့် ပြန့် လုပ်ခွင့် မပြုတော့ခြင်း ကြောင့် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် (အထူးပြု လေ့လာ သူအချို့ မှလွဲ၍) ဥပဒေသမားအများစုကြီး ကိုယ်တိုင် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို သာမန်မျှသာ သိသည့် အနေအ ထားဖြစ်ခဲ့ သည်။

စာရေးသူသည် ၁၉၇၆ ခုနှစ်မှ စ၍ ဥပဒေလောကအတွင်းသို့ ဝင်ရောက် ခဲ့ပြီး အထက်တန်းရှေ့ နေ၊ ဗဟိုတရားရုံးရှေ့နေ ဘ၀များဖြင့် ၁၉၈၈ ခုနှစ်အထိ တရားရုံးများတွင် အမှုလိုက်ပါဆောင်ရွက်ခဲ့သူဖြစ်သည်။ သို့ ရာတွင် ဖွဲ့  စည်းပုံအခြေခံ ဥပဒေ ကို ဟုတ္တိပတ္တိသိသူ မဟုတ်ခဲ့ကြောင်းရိုးသားစွာ ၀န်ခံရပါမည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးသည့်နောက်ပိုင်း ၁၉၉၀ခုနှစ်မှစ၍ထိုင်းမြန်မာနယ်စပ် အခြေ ပြု တော်လှန်ရေးအင်အားစုများ အတွင်း ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ လှုပ်ရှားမှုများ တွင်လည်းကောင်း၊ မြန်မာနိုင်ငံရှေ့နေများကောင်စီ၏ အထွေထွေ အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့စဉ်အတွင်း နိုင်ငံတကာရှိ ဟိုတက္ကသိုလ်၊ သည်တက္ကသိုလ်များတွင် လေ့လာခွင့်ရခဲ့သဖြင့်လည်းကောင်း နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီး နောက် ဖွဲ့ စည်းပုံဆိုင်ရာ ဗဟုသုတတစုံတရာမျှ ရလာခဲ့ခြင်းဖြစ်သည်။ ယင်းတို့ ကို အခြေခံလျှက်
ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဆောင်းပါးပေါင်းများစွာနှင့် စာတမ်းအချို့ ကို မြန်မာအင်္ဂလိပ် နှစ် သာသာ နှင့်ရေးသား ပြုစုဖြန့်  ဝေခဲ့သည်။

ယခု စာအုပ်မှာ ၂၀၀၇ မှ ၂၀၁၀ ခုနှစ်များအတွင်း စာရေးသူ ရေးသားပြုစုခဲ့၍ ဒီမိုကရက် တစ်မြန်မာ့အသံ မှ အပတ်စဉ် ထုတ်လွှင့်ခဲ့ သည့် ဆောင်းပါးများဖြစ်သည်။ ၂၀၀၈ ဖွဲ့ စည်းပုံကို အတည်ပြု ကျင့်သုံးခြင်းမပြုမီ သုံး၊ လေး နှစ်ခန့် က ရေးသားခဲ့သည့် ဆောင်းပါး များဖြစ်သော်လည်း သုံးသပ် ချက်များ မှာ ယင်းကို အတည်ပြုကျင့်သုံးပြီး သုံးနှစ်ခန့် ရောက်လာသည့် ယနေ့ ကာလအထိမှန်ကန်ဆဲ ဖြစ် ကြောင်း တွေ့ နိုင်ပါသည်။ သို့ ဖြစ်၍ အထူးသဖြင့် တိုင်းရင်းသားပေါင်းစုံ အခြေခံလူထုများ လေ့လာခွင့်ရစေရန် ယင်း တို့ ကို စုစည်းကာ စာအုပ်အဖြစ် ပုံနှိပ် ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ ဟူ၍ ဖွဲ့ စည်းပုံအခြေခံဥပဒေ သုံးခု ပေါ်ခဲ့ပြီး ဖြစ်သည်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ အဆိုးဝါးဆုံး ဟု ဆိုနိုင်သည်။ ၁၉၇၄ ဖွဲ့ စည်းပုံက စစ်အာ ဏာရှင်စနစ် အရိုးကို ဆိုရှယ်လစ် အရွက်နှင့် ဖုံးခဲ့သည်။ ယခု ၂၀၀၈ ဖွဲ့  စည်းပုံက စစ်အာဏာရှင်စနစ် အရိုးကို ဒီမိုကရေစီ အရွက် နှင့် ဖုံးထားသည်။ ၂၀၀၈ ဖွဲ့ စည်းပုံကို ကိုင်လျှက် ဖက်ဒရယ် အရွက်နှင့် ပါ ဆက်ဖုံးရန် ကြိုးစားနေသောကြောင့် ဖြစ်သည်။ ၂၀၀၈ ဖွဲ့ စည်းပုံသည် ကမ္ဘာပေါ်တွင် လက်ရှိတည်ဆဲ ဖွဲ့  စည်းပုံများအနက် အဆိုးဆုံးဟုပင် ပြော၍ရသည်။ မြန်မာနိုင်ငံတွင် တည်ရှိခဲ့၊ တည်ရှိဆဲ ဖြစ် သည့် မတရား ဥပဒေကြီးများအနက် တခုတလေကိုမျှ ၂၀၀၈ ဖွဲ့ စည်းပုံအောက်တွင် မရုပ်သိမ်းနိုင်ကြ။ ပို၍ပင် သက်ဆိုး ရှည်စေကြောင်း တွေ့ နိုင်ပါသည်။

ဖွဲ့ စည်းပုံကို ပြင်မည်ဟူ၍ လက်သီး လက်မောင်းတန်းကာ လွှတ်တော်အတွင်း ၀င်ရောက် သွားကြသော အဖွဲ့ အစည်းများသည်လည်း ဖွဲ့ စည်းပုံ ကို ပြင်နိုင်ရန် ဝေး၍ တိုင်းရင်းသား ပေါင်းစုံလူထုများ ရသင့်ရထိုက်သည့် အခြေခံလွတ်လပ်မှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့် အရေးများအားအာမခံနိုင်သည့် အခြား မည်သည့် ဥပဒေတခုတလေကိုမျှ ပြဌာန်းနိုင်ခြင်း မရှိပါ။ ၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံအပေါ်အခြေခံ ၍ တည်ရှိခဲ့ သော ဥပဒေဘောင်ထက် အဆများစွာဆိုးဝါးသော ဥပဒေဘောင်အတွင်း တပြည်လုံးသက်ဆင်း ကျ ရောက် နေရသည်။ ၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံသည်ပင် ပြည်တွင်းစစ်ကိုမငြိမ်းသတ်နိုင်ခဲ့။ ၂၀၀၈ ဖွဲ့ စည်းပုံအတိုင်း ဆက်သွားပါက ပို၍ပင် ဆိုးသည်ထက် ဆိုးလာပါမည်။ ပြည်တွင်းစစ်ကို မွေးထားပြီး စစ်တပ်ကို ကြီးထွား အောင် တည်ဆောက်လိုသော စစ်အာဏာရှင်ဟောင်း၊ သစ်များသည် ၂၀၀၈ ဖွဲ့ စည်းပုံ အား အသေအလဲ ခုခံကာကွယ်ကြမည်ကို ဗေဒင် မေးလျှင် ဆန်ကုန်ပါမည်။

သို့ ရာတွင် ဤသည်မှာ စစ်အာဏာရှင် ဟောင်း၊ သစ်များ၏ အလို ရမက် နှင့် မဆိုင်ပါ။ ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်လာ
ကြသော ခေတ်ကြီးတွင် လူထု၏ လွတ်လပ်မှုကို ယခင်ကလို ဆက် လက်ထိန်းချုပ်ထားရန် မဖြစ်နိုင်တော့ပါ။ ဖက်ဒရယ် ဟာ ခွဲထွက်ရေးဟု လက်ညှိုးထိုးပြီး စစ်တပ် အာဏာ သိမ်းခဲ့သည်မှာ မှားကြောင်း ၄င်းတို့ ကိုယ်တိုင်သွယ်ဝိုက်လက်ခံလာကြရပါပြီ။ တိုင်းရင်းသားများ လိုလား သည့် ဖက်ဒရယ်သည် ပေးသင့်ပေးထိုက်သည့် နိုင်ငံရေးအခွင့်အရေးဖြစ်ကြောင်း အတိအလင်း ၀န်ခံလာ ကြရပါပြီ။ တိုင်းရင်းသားပေါင်းစုံလူထုများတွင် အခြေခံဥပဒေအသိ ပိုမိုတိုးမြင့်လာပါက ၂၀၀၈ ဖွဲ့  စည်းပုံ အရ တည်ဆောက်ထား သည့် စစ်အာဏာရှင်စနစ် အရိုးအား ဖက်ဒရယ် အရွက်နှင့် ဆက်ဖုံးမထား နိုင်စေ ရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့  စည်းပုံအခြေခံဥပဒေသစ်တရပ် ပေါ်လာရေးတို့  အတွက် တွန်းအားဖြစ်စေပါမည်။ ဤသည်ကို အုတ်တချပ် သဲတပွင့်  အထောက်အပံ့ ဖြစ်စေရန် ယခုစာအုပ်ကို ထုတ်ဝေဖြန့် ချီလိုက်ခြင်း ဖြစ်ပါသည်။

အသံလွှင့်ပြီးဆောင်းပါးများကို ထုတ်ဝေခွင့် ပြုသည့် ဒီမိုကရက်တစ်မြန်မာ့အသံ အားလည်း ကောင်း၊ ဤစာအုပ်ဖြစ်မြောက်ရေး အတွက် ၀ိုင်းဝန်းကူညီသော မိတ်ဆွေများအားလည်းကောင်း၊ ဥပဒေ အထောက်အကူပြုကွန်ရက်မှ ရှေ့နေများ၊ ဥပဒေသမားများ အားလည်းကောင်း၊ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ပါသည်။

ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ                     နေ့ စွဲ။ ဒီဇင်္ဘာလ (၇) ရက် ၂၀၁၃ ခုနှစ်

Related

article 3119853096555030936

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item