ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင် ကျေးရွာတွင် ကရင်နှစ်သစ်ကူး ပွဲတော်လက်နက်ကိုင်များပူးပေါင်းစစ်ရေးပြအစီအစဉ်ဖျက်သိမ်း



15.DEC.2013

 ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင် ကျေးရွာတွင် သုံးရက်တိုင် ပြုလုပ်မည် ဖြစ်သော ကရင်နှစ်သစ်ကူး ပွဲတော်တွင် လက်နက်ကိုင် တပ်ဖွဲ့ လေးဖွဲ့က ပူးပေါင်း စစ်ရေးပြမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီဝင် ဆရာတော် ဦးစန္ဒာဝရက The Voice သို့ ပြောကြားသည်။

 ဇန်နဝါရီလအတွင်း နှစ်စဉ် ကျင်းပလေ့ရှိသော ကရင်နှစ်သစ်ကူး ပွဲတော်အတွင်း ကရင်လက်နက်ကိုင် အဖွဲ့အစည်း များက ပူးပေါင်း စစ်ရေးပြရန် စီစဉ် ထားသော်လည်း လက်နက်ကိုင် တပ်ဖွဲ့များအကြား မူဝါဒ ကွဲပြားမူများ ရှိလာနိုင်သောကြောင့် နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီက ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကရင် လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ငြိမ်းချမ်းရေး တည်ဆောက်နေဆဲ ကာလဆိုတော့ စစ်ရေးပြတဲ့ နေရာမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာနိုင်လို့ ပါ” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။ အဆိုပါ စစ်ရေးပြ အစီအစဉ်ကို ဖျက်သိမ်း လိုက်သော်လည်း ကရင်အမျိုးသား အလံကို ချီတက် အလေးပြုမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရသည်။

 ကရင်နှစ်သစ်ကူး ပွဲတော်အတွင်း ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLAPC)၊ ဟောင်သရော ငြိမ်းချမ်းရေး အဖွဲ့ (KPF) နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အဖွဲ့တို့က စစ်ရေးပြ အခမ်းအနား ပြုလုပ်သွားမည် ဖြစ်ကြောင်း နှစ်သစ်ကူး ပွဲတော ကျင်းပရေး ကော်မတီက နိုဝင်ဘာလအတွင်း ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ ကရင် နှစ်သစ်ကူး ပွဲတော်ကို ဒီဇင်ဘာ ၃၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ကရင်အမျိုးသား ခေါင်းဆောင်များ အမည်ဖြင့် သက်ဆိုင်ရာ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး ထူးချွန်သူများကို ဆုများ ပေးအပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။ 

ထို့အပြင် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲနဲ့ ကရင်ရိုးရာ အဆိုအက အတီးအမှုတ်များ အပါအဝင် ကရင်အမျိုးသား ရိုးရာ ယဉ်ကျေးမှု ဓလေ့ဆိုင်ရာ ပြခန်းများကို ပြသသွားမည် ဖြစ်ပြီး ပွဲတော် ဖြစ်မြောက်ရေးအတွက် ကျပ်သိန်းပေါင်း ငါးထောင် အသုံးပြုမည် ဖြစ်ကြောင်း နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ကော်မတီက ထုတ်ပြန် ကြေညာထားသည်။




Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item