နိုင်ငံရေးအခြေအနေကြောင့် မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ကရင်လက်နက်ကိုင် အဖွဲ့အားလုံး ယာယီရပ်ဆိုင်းထား

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းကို 

ဆက်လက် အကောင်အထည်ဖော်ရန် ကရင်လက်နက်ကိုင် 

အဖွဲ့အားလုံး ယာယီရပ်ဆိုင်းထား

19.9.2013



ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ကရင်လက်နက်ကိုင် အဖွဲ့အားလုံးက ယာယီရပ်ဆိုင်း ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး အခြေအနေပေါ် မူတည်၍ မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီအစဉ်ကို လုပ်ဆောင် သွားမည်ဖြစ်ပြီး လတ်တလော အနေဖြင့် KNU ထိန်းချုပ်နယ်မြေများတွင် မြေမြှုပ်မိုင်း ရှင်းလင်းရန် အစီအစဉ် မရှိသေးကြောင်း တရားဝင် ပြောကြားထားသည်။

ထို့အတူ ယခင် DKBA ကလို့ထူးဘော ကရင်အမျိုးသား တပ်မတော်ကလည်း မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီအစဉ်ကို ယာယီရပ်နား ထားကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ပြည်သူလူထုများ စိတ်ချမ်းသာစွာ သွားလာလုပ်ကိုင် နိုင်ရေးအတွက် မြေမြှုပ်မိုင်း ရှင်းလင်းရေးကို လုပ်ဆောင်လိုသော်လည်း အခြားသော နိုင်ငံရေး ကိစ္စရပ်များကြောင့် မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီအစဉ်ကို ပြန်လည် မစတင်နိုင်သေးကြောင်း ကလို့ထူးဘော ကရင်အမျိုးသား တပ်မတော်မှ ဗိုလ်ကြီးသရီးတူးက ပြောကြားသည်။

''စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းတွေ အရမ်းအန္တရာယ် များပါတယ်။ ထိလည်းကွဲ၊ ခလုတ်တိုက်လည်းကွဲ၊ တက်နင်းမိလည်း ကွဲတယ်။ မိုင်းရှင်းလင်းရေးလုပ်တော့ ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ယောက်နဲ့ ဒုဗိုလ်တစ်ယောက် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ခုနားထားတာ ဒဏ်ရာရရှိမှုနဲ့ မသက်ဆိုင်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကိုလည်း ပြင်မယ်။ လွှတ်တော်အပေါ်မှာ ဘယ်သူမှ မရှိဘူးဆိုရင် အသက်ကို ပဓာနမထားဘဲ ဖော်ထုတ်ဖို့ ၀န်မလေးပါဘူး။ ကရင်အမျိုးသား တပ်မတော်အနေနဲ့ အသက်စွန့်ပြီး ဒီစွန့်လွှတ်မိုင်းတွေ ဖော်ထုတ်ဖို့ ဆုံးဖြတ်ပြီးသားပါ'' ဟု မြေမြှုပ်မိုင်း ရှင်းလင်းရေးတွင် ပါဝင်ခဲ့သော DKBA ကလို့ထူးဘော ကရင်အမျိုးသား တပ်မတော်မှ ဗိုလ်ကြီးသရီးတူးက ပြောကြားသည်။

အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်း မပြုသည့်နည်းတူ လွှတ်တော်၏ သြဇာမှာလည်း အသက်ဝင်ခြင်း မရှိပါက ပြည်သူလူထု၏ မြေပေါ်မြေအောက် သယံဇာတကို ကာကွယ်သည့် အနေဖြင့် မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်း ရှင်းလင်းရေးလုပ်ငန်းကို ဆက်လက်ရပ်နား ထားမည်ဖြစ်ကြောင်း ဗိုလ်ကြီးသရီးတူးက ဆက်လက် ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း ဒေသအချို့၌ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းကို ပြီးခဲ့သည့် ဇွန်လအတွင်းက ကရင်လက်နက်ကိုင် အဖွဲ့အချို့က လုပ်ဆောင်ခဲ့ရာ ဇွန်လတွင် တစ်ကြိမ်၊ ဇူလိုင်လတွင်တစ်ကြိမ်၊ သြဂုတ်လတွင် တစ်ကြိမ် ရှင်းလင်းရေး လုပ်ဆောင်ခဲ့သူများ မိုင်းထိပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ ပြီးနောက် မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများကို ယာယီရပ်နားခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ လဆန်းပိုင်းက ပြုလုပ်ခဲ့သော ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မတီ အစည်းအဝေးတွင် မြိုင်ကြီးငူဒေသ၌ ကျန်ရှိနေသော စွန့်လွှတ်မိုင်းများကို စက်တင်ဘာ လလယ်ပိုင်းတွင် ထပ်မံရှင်းလင်း ဖော်ထုတ်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီအစဉ်များကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် NGO အဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးမှုများ ရှိနေသော်လည်း ယင်းကဲ့သို့ ပူးပေါင်းလုပ်ဆောင်မည့် အစီအစဉ်မှာ အကောင်အထည် ပေါ်မလာသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ပြုလုပ်ခဲ့သော မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီအစဉ်မှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့က မိမိတို့ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ ရှင်းလင်းရာတွင် စက်ကိရိယာ အကူအညီမပါဘဲ ဓားမြှောင်များဖြင့်သာ ရှင်းလင်းခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ပြောကြားချက်များအရ ကရင်ပြည်နယ် မြိုင်ကြီးငူ၊ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီးနှင့် သံတောင် ဒေသများ၊ ပဲခူးတိုင်းတွင် ရွှေကျင်နှင့် ကျောက်ကြီးဒေသ၊ တနင်္သာရီတိုင်းတွင် မြိတ်နှင့် ထားဝယ်ခရိုင်တို့တွင် မြေမြှုပ်မိုင်းများ ရှိနေသေးကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း တပ်စွဲခဲ့ကြသော လက်နက်ကိုင် အဖွဲ့များအားလုံး မြေမြှုပ်မိုင်းကို ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြောင်း၊ ယခု အပစ်အခတ် ရပ်စဲထားပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် ကာလတွင် မြေမြှုပ်မိုင်းများကို တူးဖော်ရခြင်း မရှိသေးဘဲ မြေမြှုပ်မိုင်း အန္တရာယ်ရှိသည့် နေရာများအား မသွားရ နေရာအဖြစ် သတ်မှတ် အသိပေးထားသည်ဟု ဆိုသည်။

ကရင်ပြည်နယ်အတွင်း မြေမြုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ကရင်လက်နက်ကိုင် အဖွဲ့အားလုံး ယာယီ ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်ထံသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။


Eleven Media Group

Related

news 4298488028010997661

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item