ပန်းတနော် ရိုးရာချည်ဖြူဖွဲ့ပွဲ ထင်မှတ်ထားသည်ထက် တက်ရောက်သူ များပြား



သြဂုတ်လ ၁၂ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ကြီးမှူး၍ ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ပန်းတနော်မြို့၊ မြို့သစ်ရပ်ကွက်ရှိ အောင်သပြေဘိုးဘွားရိပ်သာ၌ ယနေ့ ကျင်းပရာ ထင်မှတ်ထားသည်ထက် ပါဝင်ဆင်နွဲသူ များပြားကြောင်း သိရသည်။

“ဒီဘက်တွေမှာ တစ်ကြိမ် တစ်ခါမှ ကျင်းပဖူးတာမရှိတော့ လူ ၂၀၀လောက်ပဲမှန်းထားတာ အခု ၅၀၀ကျော်လောက်ရောက်လာ တယ်။ လာတဲ့သူတွေ အားလုံးကလည်း ဒီဟာကို တော်တော်စိတ်ပါဝင်စားကြတာကို တွေ့ရလို့ ၀မ်းသာကျေနပ်မိပါတယ်”ဟု
၎င်းကြီးမှူးကျင်းပရေးကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ မန်းသိန်းရွှေက ကေအိုင်စီသို့ ပြောသည်။

၎င်းချည်ဖြူဖွဲ့ မင်္ဂလာပွဲသို့ ဧရာဝတီတိုင်းအတွင်းရှိ အခြားမြို့နယ်များဖြစ်သော ညောင်တုန်း၊ ကျောင်းကုန်း၊ အိမ်မဲ၊ ဓနုဖြူ၊ ၀ါးခယ်မ၊ မြောင်းမြ မြို့နယ်များမှ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကိုယ်စားလှယ်များ၊ ကရင်နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်)မှ အဖွဲ့ဝင်များနှင့် ကရင်လူငယ်မောင်မယ်များ တက်ရောက်ဆင်နွှဲခဲ့ကြသည်။

ယနေ့နံနက် ၉နာရီ၌ စတင်ခဲ့သည့် အခမ်းအနားတွင် တက်ရောက်လာသည့် ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်က အမှာစကားပြောခြင်း၊ သက်ကြီးဝါကြီးများက ရိုးရာချည်ဖြူဖွဲ့ခြင်းအကြောင်းရှင်းပြခြင်း၊ လူငယ်မောင် မယ်များအား ဆုတောင်းပေးခြင်းနှင့် ချည်ဖြူဖွဲ့ခြင်းအမှုကို ပြုလုပ်ခဲ့ကြပြီးနောက် နေ့လည် ၁၂နာရီတွင် အခမ်းအနား ပြီးဆုံးခဲ့ သည်။

ချည်ဖြူဖွဲ့ပွဲတွင် ပါဝင်ဆင်နွှဲသည့် ကရင်လူငယ်တစ်ဦးက “ဘိုးဘေးတွေကထားခဲ့တဲ့ အမွေအနှစ်တစ်ခုကို ပြန်လည်သိခွင့်ရတာ ၀မ်းသာသလို ဂုဏ်လည်းယူပါတယ်၊ အခုလိုလုပ်တော့ လူငယ်အချင်းချင်းလည်း ရင်းနှီးမှုပိုရတယ်။ ဒီဟာကို ထိန်းသိမ်းဖို့က ကျနော်တို့မှာ တာဝန်ရှိတယ်လို့လည်း ခံစားမိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခု ချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပရာတွင် အစီအစဉ် စနစ်တကျမရှိခြင်းနှင့် ငွေကြေးအခက်အခဲ အနည်းငယ်ရှိသော်လည်း လာမည့်နှစ်များတွင် ယခုထက်ပိုပြီး အစဉ်အလာမပျက် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ကျင်းပသွားရန် ကြိုးစားသွားမည်ဖြစ် ကြောင်း မန်းသိန်းရွှေက ပြောသည်။

ကရင်လူမျိုး အများအပြား နေထိုင်ရာ မြစ်ဝကျွန်းပေါ်ဒေသရှိ ကရင်လူမျိုးများအကြားတွင် အရိုးကောက်ခြင်း၊ ဘိုးဘွားမိဘကျေး ဇူးကို ပြန်လည်အမှတ်ရသည့်အနေဖြင့် နတ်စားခြင်း ရိုးရာထုံးတမ်းဓလေ့များကို ပြုလုပ်နေသော်လည်း ကြံ၊ ထမင်းဆုပ်၊ ပန်း ခက်၊ ရေအေး၊ ကောက်ညှင်းဖင်ချွန်၊ အုန်းသီးနှင့် ငှက်ပျောသီး စသည့်ပစ္စည်း ၇မျိုး အဓိက ပါဝင်လုပ်ဆောင်သည့် ချည်ဖြူဖွဲ့ မင်္ဂလာပွဲကိုမူ နေအိမ်များ၌သာ ပြုလုပ်ခဲ့ကြသည်။

ကရင်လူမျိုးများ ယုံကြည်သော အယူအဆအရ ပြုလုပ်သော ချည်ဖြူဖွဲ့ခြင်း အမျိုးမျိုးရှိပြီး ကလေးများ မွေးဖွားသန့်စင်သည့်အခါ ဖြစ်စေ၊ ရပ်ဝေခရီးသွား/ပြန်သည့်အခါဖြစ်စေ ပြုလုပ်ကြသလို လက်ထပ်ထိမ်းမြားခြင်း၊ စိတ်ခြောက်ခြားခြင်း၊ နာမကျန်းဖြစ်ခြင်း၊ အသုဘချပြီးနောက် ကျန်ရစ်သူမိသားစုများအတွက် ချည်ဖြူဖွဲ့ခြင်းများ ပြုလုပ်လေ့ရှိသကဲ့သို့ ၀ါခေါင်လချည်ဖြူဖွဲ့ခြင်းမှာ ကရင် လူမျိုးများ စည်းလုံးညီညွှတ်ရေးအတွက် အရေးကြီးဆုံးဖြစ်သည်။

Related

news 4350996754752134270

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item