TNLA နှင့် အစိုးရတပ်ဖွဲ့တို့ ဆက်လက် တိုက်ပွဲဖြစ်ပွားနေ
https://albanykarennews.blogspot.com/2013/04/tnla.html
အဲာပိုန် ၊
မတ်လ ၂ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်းတွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်း အချိန်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက် ရှိကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှုး တာဘုန်းကျော်က ပြောပါသည်။
“ကွတ်ခိုင်မြို့နယ် နဲ့ နမ့်ဆန်မြို့နယ်မှာ ရှိတဲ့ ကျနော်တို့ တပ်စခန်းကို အစိုးရတပ်ဖွဲ့တွေ ဒီနေ့ မနက်ပိုင်းမှာ နှစ်နေရာစလုံး လာတိုက်တယ်။ ပြင်းပြင်းထန်ထန်လည်း တိုက်တယ်။ နမ့်ဆန်ဘက်မှာတော့ မနက် ၇ နာရီခွဲကစပြီး ၉ နာရီအထိ ဖြစ်ခဲ့ပါ တယ်။ ကွတ်ခိုင်ပွဲမှာတော့ မနက် ၁၀ နာရီကနေ မွန်းလွဲတနာရီ အချိန်ထိကို ဆက်ဖြစ်နေဆဲပါဘဲ။” ဟု ဆိုပါသည်။
နမ့်ဆန် တိုက်ပွဲတွင် ဒုဗိုလ်မှုးကြီး ဇော်လတ် ဦးဆောင်သော ခမရ ၅၀၄ တပ်ပေါင်းမှ စစ်ကြောင်းတကြောင်းသည် နမ့် ဆန်မြို့ အနောက်ဖက် ၃ မိုင်ခန့် ရှိသည့် နမ်းဖိုက်ခေါင် ကျေးရွာဖက်မှ TNLA တပ်ရင်း ၂၅၆ ၏ယာယီစခန်းတခုကို လာရောက်တိုက်ခိုက်ခြင်း ဖြစ်ပြီး အစိုးရ ဖက်မှ (၁၀) ဦးခန့် ကျဆုံးနိုင်ကြောင်း TNLA ဘက်က ဆိုပါသည်။
နောက်တပွဲမှာ ကွပ်ခိုင်မြို့နယ် လူမ်ကမ်းကျေးရွာ အနောက်ဖက် ၂ မိုင်ခန့်ရှိသည့် သာပန်းကုန်းနှင့် ရှာပန်းကုန်း ကျေးရွာ များဖက်မှ TNLA စခန်းကို အဆိုပါ ခမရ ၅၀၄ တပ်ပေါင်းမှ စစ်ကြောင်းတကြောင်းက နေ့လည်တနာရီအထိ ဆက်လက် တိုက် ခိုက်နေခဲ့ပါသည်။ အစိုးရတပ်ဖွဲ့များသည် ကွတ်ခိုင်မြို့နယ် နမ့်လိတ်တောင် ကြောရှိ TNLA တပ်ရင်း (၁၀၁)၊ (၁၁၂) တပ်ဖွဲ့များအား စစ်ဆင် နေခဲ့ရာ ယမာန်နေ့ကလည်း ခလရ ၄၅ အပါဝင် ခမရ ၅၀၂ ပူးပေါင်းတပ်ဖွဲ့ နှင့် လုံကန်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။
“ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကလည်း ပန်းကန်ဖက်မှာ နေရာ ဖယ်ပေးပါဆိုပြီး အကြောင်းကြားခဲ့လို့ ကျနော်တို့က ဖယ်ပေး ခဲ့တယ်။ ဖယ်လည်းပြီးရော ဒီနမ့်လိတ်တောင်ကိုပါ ထပ်မံဖယ်ခိုင်း ပြန်တယ်။ ဆိုတော့ ကျနော်တို့ သံသယဖြစ်လာတယ်။ ဒါနဲ့ မဖယ်တော့ဘူး ဆိုပြီး အကြောင်းပြန်လိုက်ပါတယ်။ ဒီတော့ မကြာပါဘူး သူတို့က တက်လာပြီး တိုက်တော့တာဘဲဗျ။ ဟု တအာင်း တပ်မှူးတဦးက ဆိုပါသည်။
ဤကဲ့သို့ ဆုတ်ခွာပေးခြင်း မရှိသဖြင့် အင်အား (၁၀၀) ခန့် ရှိသော အစိုးရ ခမရ (၅၀၂) စစ်ကြောင်းသည် မတ်လ (၂၁) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် TNLA တပ်များအား တနာရီကျော် လာရောက် တိုက်ခိုက်ခဲ့ ပါသည်။ ဤတိုက်ပွဲ တွင် အစိုးရတပ်ဖွဲ့ဘက်မှ (၁၀) ဦးကျပြီး (၅) ဦးထက်မနဲ ဒဏ်ရရှိသွားသည်ဟု တအာင်းတပ်ဖွဲ့ဘက်က ဆိုပါသည်။
တိုက်ပွဲကို နမ့်လိတ်တောင်ကြော၌ အခြေစိုက်သော TNLA တပ်ခွဲ (၁) နှင့် KIA တပ်ရင်း (၈) တပ်ဖွဲ့တို့က ပူးပေါင်းပြီး ခုခံတိုက်ခိုက် လိုက်ခြင်းဖြစ်ပါသည်။ ဤတိုက်ပွဲသည် TNLA တပ်များ နမ့်လိတ်တောင်ကြောပေါ်မှ ဆုတ်ခွာပေးရန် ရာဇသံထုတ်ပြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်ပါ သည်။
ဤကဲ့သို့ ရာဇသံထုတ် တိုက်ခိုက်ပြီး နောက်တနေ့ဖြစ်သော မတ်လ (၂၂) ရက်နေ့တွင်လည်း အစိုးရတပ်များသည် TNLA တပ်များကို ဆက်လက် တိုက်ခိုက်နိုင်ရန် သာပန်းကုန်းနှင့် ရှာပန်းကုန်း ကျေးရွာ ဖက်သို့ နေရာယူလာခဲ့ပြန်ရာက ယခုထိ တိုက်ပွဲဖြစ်နေခဲ့ခြင်း ဖြစ်ပါသည်။
အစိုးရ၏ ဤစစ်ဆင်ရေး စီမံချက်သည် ပြီးခဲ့သည့် မတ်လဆန်းမှ စတင်ခဲ့ပြီး နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်၌ရှိသော TNLA တပ်ဖွဲ့များအား တိုက်ခိုက်နိုင်ရန် တပ်အင်အား (၁၀) ရင်းမှ (၁၆) ရင်းအထိ တဖြည်းဖြည်း တိုးချဲ့ ထားသည်ဟု ဆိုပါသည်။
ဤသို့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသောကြောင့်လည်း TNLA နှင့် အစိုးရတို့ အပစ်ရပ်ရန် တွေ့ဆုံဆွေးနွေး နေမှုများ ကိုလည်း နောက်နှေးစေလျက် ရှိကြောင်း ဆိုပါသည်။ နမ့်လိတ်တောင်ကြောသည် စစ်ဗျူဟာအရ အရေးကြီးသော နေရာတောင်ကုန်းဖြစ်သဖြင့် ဆုတ်ခွာပေးရန် မဖြစ်နိုင်ဟု TNLA က ဆိုပါသည်။
ဤတောင်ကုန်း၏ အရေးပါမှုကြောင့် ၂၀၁၁ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင်လည်း KIA အား အစိုးရက တိုက်ခိုက်လိုက်သဖြင့် (၁၉၉၄) ခုနှစ်က ရယူ ထားသော နှစ်ဖက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ရ ပါသည်။ အထူးသဖြင့် တရုတ်ဓါတ်ငွေ့ ပိုက်လိုင်းလုံခြုံရေး၊ ဘိန်းခင်းလုံခြုံရေးများကြောင့် နမ့်လိတ်တောင်ရှိ TNLA စခန်းများအား တိုက် ခိုက် နေခြင်းဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ဆိုပါသည်။

Post a CommentDefault CommentsFacebook Comments