ဗဟိုအာဖရိကမြို့တော်ကို သူပုန်များသိမ်းပိုက်၊ သမ္မတ ထွက်ပြေးတိမ်းရှောင်
https://albanykarennews.blogspot.com/2013/03/blog-post_9044.html
| (ဗဟိုအာဖရိကနိုင်ငံသမ္မတ ဖရန်ကွိုက်စ် ဘိုဇစ်ဇီ [ယာ]) |
ဗဟိုအာဖရိက နိုင်ငံ၏ မြို့တော်ကို ယခုအခါ သူပုန်တပ်ဖွဲ့များက သိမ်းပိုက် ရယူလိုက်သည့်နောက် သမ္မတပါ ထွက်ပြေး တိမ်းရှောင်သွားရပြီဟု သတင်းများက ဖော်ပြခဲ့သည်။ မြစ်ကမ်းနံဘေးတွင် တည်ရှိသော ဘန်ဂွီမြို့တော်တွင် တနင်္ဂနွေနေ့က ဆိုးဆိုးရွားရွား တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည့်နောက် သမ္မတ ဖရန်ကွိုက်စ် ဘိုဇစ်ဇီသည် နိုင်ငံအတွင်းမှ တိမ်းရှောင် ထွက်ပြေးခဲ့ရသည်။
သတ္တုတွင်းထွက်များ ကြွယ်ဝသည့် အာဖရိက အလယ်ပိုင်း ဒေသရှိ နိုင်ငံတွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဘန်ဂွီမြို့ကို ကာကွယ်သည့် စစ်သား အနည်းဆုံး (၉)ဦး သေဆုံးခဲ့ကြောင်း Reuters သတင်းဌာနက ဆိုသည်။ ဆီလီကာ သူပုန်တပ်များသည် ကြာသပတေးနေ့က စတင်ကာ ယခင်ပြင်သစ် ကိုလိုနီ နိုင်ငံတွင် အင်အားကောင်းကောင်းနှင့် စစ်ပြုလာခဲ့ခြင်း ဖြစ်သည်။
ထို့နောက် လျင်လျင်မြန်မြန်ပင် ဘန်ဂွီမြို့တော် တောင်ပိုင်းထိ ချဉ်းကပ်လာနိုင်ခဲ့သည်။ အဆိုပါ သူပုန်အဖွဲ့သည် သမ္မတ ဘိုဇစ်ဇီကို ဖြုတ်ချရန် အဓိက ရည်ရွယ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ဇန်နဝါရီလက စစ်တပ်နှင့် သူပုန်တို့ကြား ထားရှိသည့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့ကြောင်း သူပုန်များဘက်မှ စွပ်စွဲထားသည်။ "ကျွန်တော်တို့ သမ္မတ နန်းတော်ကို သိမ်းထားပြီးပြီ"ဟု ဆီလီကာ သူပုန်အဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အဲရစ်မက်ဆီက Reutersအား တယ်လီဖုန်း အင်တာဗျူး တစ်ခုတွင် ထုတ်ဖော် ပြောကြားခဲ့သည်။
အစိုးရက သူပုန်များသည် လူဦးရေ ခြောက်သိန်းကျော် မှီတင်းနေထိုင်သော မြို့တော်ကို သိမ်းပိုက်ထားလိုက်ပြီဟု ဝန်ခံ ပြောကြားခဲ့သည်။ အဆိုပါ မြို့တော်သည် ကွန်ဂိုနှင့် နယ်နိမိတ်အဖြစ် စီးဆင်းနေသည့် အူဘန်ဂျီ မြစ်ရိုးပေါ်တွင် တည်ရှိသည်။ အလယ်အာဖရိက နိုင်ငံသည် ယနေ့အချိန်ထိ ဖော်ထုတ် တူးယူနိုင်ခြင်း မရှိသေးသည့် ရွှေ၊ စိန်နှင့် ယူရေနီယမ်စသော အဖိုးတန် တွင်းထွက် သတ္တုကြောများ တည်ရှိသည့် ကုန်းပိတ် နိုင်ငံဖြစ်ကာ (၁၉၆၀)ပြည့်နှစ်က ပြင်သစ်တို့ လက်အောက်မှ လွတ်လပ်ရေး ရရှိလာခဲ့သည်။
Source: Yahoo planet.
Posted by
Unknown
Post a CommentDefault CommentsFacebook Comments