မိတ္ထီလာမှာ ဘာသာရေး အထိကရုဏ်း အခြေအနေဆိုး၊ ပုဒ်မ၁၄၄ထုတ်ပြန်
https://albanykarennews.blogspot.com/2013/03/blog-post_2159.html
မိတ္ထီလာမြို့တွင် ရွှေရောင်းချရာတွင် စကားများ ခိုက်ရန်ဖြစ်ပွားရာမှ စတင်ခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုကို လုံခြုံရေးရဲတပ်ဖွဲ့က နောက်ဆုံး ထိန်းချုပ်ထားနိုင်ခဲ့ပြီး အမှုအခင်း စတင်ကျူးလွန်သူများကို ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
ယနေ့ မနက် ၉ နာရီခွဲအချိန်တွင် မိတ္ထီလာခရိုင် ပြွန်ကောက်ရွာမှ ဒေသခံ လင်မယား ၂ ဦးသည် ရွာ ဆွမ်းလောင်းပွဲအတွက် ဈေးလာဝယ်စဉ် ငွေလိုအပ်သောကြောင့် ၄င်းတို့ ရွှေဝယ်ယူထားသည့် “၀ိတ်စိန်” ရွှေဆိုင်တွင် ပြန်လည်ရောင်းချရာ ရွှေလက်စွပ်ကို မှတ်ကျောက်တိုက်နေစဉ် ကြိုးသွားခဲ့သောကြောင့် ရွှေဆိုင်က အထည်ပျက် ဈေးသာပေးခဲ့သောကြောင့် စကားစများခဲ့ရကြောင်း မိတ္ထီလာမြို့ အထွေထွေအုပ်ချုပ်ရေးရုံးမှ ပြောဆိုသည်။
အမှုကို လက်ခံ တာဝန်ယူထားသော မိတ္ထီလာ အမှတ် ၂ ရဲစခန်းက အဆိုပါ လင်မယားကို “သက်ကြီးရွယ်အို” ဟု ပြောဆိုသုံးစွဲသောကြောင့် အသက်အရွယ်ကို ဧရာဝတီက စုံစမ်းမေးမြန်းရာ ဖြေဆိုရန် ငြင်းဆိုသည်။
အထွေထွေအုပ်ချုပ်ရေးရုံး၏အဆိုအရ အစ္စလမ်ဘာသာဝင်ဖြစ်သူ ဆိုင်ပိုင်ရှင်နှင့် အပေါင်းအပါများက အဆိုပါ လင်မယား ၂ ဦးကို ကိုယ်ထိလက်ရောက် ရိုက်ပုတ်သည်အထိ ဖြစ်ပျက်ခဲ့ရကြောင်း သိရသည်။
မိတ္ထီလာမြို့ခံများ၏ အဆိုအရ ပြွန်ကောက်ရွာမှ ဒေသခံများ လိုက်လာပြီး မြို့ပေါ်ရှိ ဒေသခံတချို့နှင့် စုပေါင်းကာ အဆိုပါ မိတ္ထီလာ မြို့မဈေးကြီးအနီးရှိ ၀ိတ်စိန်ရွှေဆိုင်နှင့် အစ္စလမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် ဆိုင်တချို့ကို ဖျက်ဆီးခဲ့ကြကြောင်းလည်း သိရသည်။
လူအုပ်သည် ၂ ထောင်ကျော်မျှ ရှိလာသည့်အတွက် မြို့မဈေးကြီးကိုလည်း ပိတ်ထားလိုက်ရပြီး လူများ ၀င်ရောက်ခြင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တားမြစ်ထားကြောင်း၊ ထို့အပြင် အရိုက်ခံရသည့် ဒေသခံ ၂ ဦးကို မိတ္ထီလာဆေးရုံတွင် ကုသပေးနေပြီး ရဲများစောင့်ကြပ်နေကာ လူဝင်လူထွက်ကို စိစစ်နေကြောင်း သိရသည်။
“ အခုကတော့ အခြေအနေတွေ အေးချမ်းသွားပါပြီ။ ရဲတပ်ဖွဲ့လုံခြုံရေးတွေလည်း နေရာအနှံ့ ချထားလိုက်ပါပြီ။ အဲဒီလိုဖြစ်ပျက်တာကို ဗမာတွေ အရိုက်ခံရတယ်ဆိုပြီး လျှောက်ပြောရာကနေ လူအုပ်ကြီးက အရမ်းများလာတာ။ လူသေဆုံးမှုတွေလည်း ဘာမှ မရှိပါဘူး” ဟု မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းမှ တွဲဘက်တာဝန်မှူးဖြစ်သူက ဧရာဝတီသို့ ပြောဆိုသည်။
အရိုက်ခံလိုက်ရသည့် ၂ ဦးမှ တရားလိုပြုလုပ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်သူများကို အရေးယူရန် ဖမ်းဆီးထားပြီဖြစ်ကြောင်း၊ ၃ ဦးကို လက်ရှိအချိန်တွင် ဖမ်းဆီးထားပြီး အဓိက ရိုက်နှက်သူ ၁ ဦးမှာ (ယခု သတင်း ရေးသားပြီးချိန်အထိ) လွတ်မြောက်နေသေးကြောင်း မိတ္ထီလာမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဆိုသည်။
ဖမ်းဆီးထားသူများကို မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းတွင် ပုဒ်မ ၃၂၆/ ၃၂၇/ ၂၉၄/ ၁၁၄ တို့ဖြင့် အမှုဖွင့်ကာ ပြစ်မှုအမှတ် ပ/ ၇၄ ( ၂၀၁၃ ) ဖြင့် အရေးယူနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
နောက်ဆုံး ရရှိသော သတင်းများအရ မိတ္ထီလာမြို့တွင်းရှိ အစ္စလမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတူရှိနေသည့် နေရာများတွင် လုံခြုံရေးရဲများ ချထားသည်ကို မတွေ့ရကြောင်း၊ မြို့မိမြို့ဖများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက နောက်ထပ်ဖြစ်ပွားမှုမရှိအောင် ထိန်းသိမ်းထားပြီး အခင်းဖြစ်ပွားခဲ့သောနေရာကို မည်သူတစ်ဦးတစ်ယောက်ကိုမှ ၀င်ထွက်ခွင့် မပေးထားကြောင်း ဒေသခံများက ဆိုသည်။
မိထ္တီလာ အခြေအနေ ဆိုး၊ ပုဒ်မ ၁၄၄ ထုတ်
ဧရာဝတီ
မိထ္တီလာ လူမျိုးရေးနှင့် ဘာသာရေး အဓိကရုဏ်းကို နိုင်နင်းစွာ ထိန်းချုပ်ရန် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဖြစ်သည်။ မြန်မာစံတော်ချိန် ည ၉ နာရီခွဲတွင် တယ်လီဖုန်း ဆက်သွယ်ရရှိသော မိထ္တီလာမြို့ အမှတ် ၃ ရဲစခန်း၏ အတည်ပြုချက်အရ မြို့တွင်းတွင် လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားလျှက်ရှိပြီး ဗလီ ၂ လုံးနှင့် မြို့နယ် ပညာရေးမှူး ရုံး မီးရှို့ခံရပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးတပါး ဓားဒဏ်ရာဖြင့် ပျံလွန်ကြောင်း သတင်း အတည်ပြုချက် ရရှိသည်။ အမှတ် ၃ ရဲစခန်းက "လုံခြုံရေး ရဲတပ်ဖွဲဝင် အားလုံး အပြည့်အဝ တာဝန်ယူနေ"ရကြောင်းနှင့် "တည်ငြိမ်မှု မရသေး"ကြောင်း ပြောဆိုသည်။ ပျံလွန်သွားသော ဘုန်းတော်ကြီးမှာလည်း မည်သူမည်ဝါ မည်သည့်အရပ်ဒေသမှ ဟု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်းလည်း ဆိုသည်။ ဒဏ်ရာရ ထိခိုက်မှုများ ရှိနိုင်ကြောင်း စိုးရိမ်ပူပန်မှုများလည်း ပေါ်ထွက်လာနေသည်။ ဆေးရုံနှင့် လုံခြုံရေးတပ်ဖွဲ့၏ တယ်လီဖုန်း မှန်သမျှလည်း ဆက်သွယ်၍ မရပေ။ ဆက်သွယ်၍ ရသမျှ သတင်းရင်းမြစ်များ၏အဆို ညနေ ၆ နာရီတွင် ဘုန်းတော်ကြီးများပါဝင်သည်ဟုဆိုသော လူအုပ်က မိထ္တီလာမြို့ဈေး ဗလီကို မီးစတင်ရှို့ခဲ့ရာမှ အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားကြောင်း သိရသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ယနေ့ မနက် ၉ နာရီခွဲအချိန်တွင် မိတ္ထီလာခရိုင် ပြွန်ကောက်ရွာမှ ဒေသခံ
လင်မယား ၂ ဦး ရွာဆွမ်းလောင်းပွဲအတွက် ဈေးလာဝယ်စဉ် ငွေလိုအပ်သောကြောင့် ရွှေဆိုင်တွင် ပြန်လည်ရောင်းချရာ
ရွှေလက်စွပ်ကို မှတ်ကျောက်တိုက်နေစဉ် ကြိုးသွားခဲ့သောကြောင့် ရွှေဆိုင်က အထည်ပျက် ဈေးသာပေးခဲ့သောကြောင့် စကားများပြီး ကိုယ်ထိလက်ရောက် ရိုက်ရာက စခဲ့ရကြောင်း မိတ္ထီလာမြို့ အထွေထွေအုပ်ချုပ်ရေးရုံးမှ ပြောဆိုသည်။




Post a CommentDefault CommentsFacebook Comments