အငြင်းပွားဆဲ လယ်မြေတွင် လယ်မစိုက်ရန် ကေအန်ယူ တပ်ရင်း (၆) ထပ်မံတားမြစ်

http://albanykarennews.blogspot.com/2013/09/blog-post_10.html
တောင်ငူ၊ စက်တင်ဘာ ၉
တောင်ငူခရိုင် ထန်းတပင်မြို့နယ် တပြေးကျေးရွာအုပ်စုရှိ အငြင်းပွားနေသော လယ်ယာမြေဧက ၂၀၀ နီးပါးတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တောင်ငူခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ရင်းအမှတ် (၆) တာဝန်ရှိသူများက လက်ရှိစိုက်ပျိုးနေသူများကို လုပ်ကိုင်ခြင်းမပြုရန် စက်တင်ဘာလ ၇ ရက်နေ့က ထပ်မံတားမြစ်ခဲ့ကြောင်း ထန်းတပင်မြို့နယ် တပြေးကျေးရွာအုပ်စု ဒေသခံ တောင်သူအချို့က The Voice သို့ ပြောကြားသည်။
အဆိုပါ စိုက်ပျိုးမြေများသည် လွန်ခဲ့သော နှစ် ၃၀ ခန့်မှစ၍ လက်ရှိလုပ်ကိုင်နေသူ ဒေသခံတောင်သူ ၂၀ ကျော်က သီးနှံအခွန်ပြေစာဆောင်၍ လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ယခုနှစ် မေလ ၂ ရက်နေ့ မှစတင်ကာ (KNU) တပ်ရင်း ၆ မှတပ်ရင်းမှူး ဗိုလ်မှူး စောမောင်ရွှေက လယ်ယာမြေများကို ဝင်ရောက် တိုင်းတာခြင်း၊ လက်ရှိလုပ်ကိုင်နေသူများကို တားမြစ်ခြင်းများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုင်ကြားခဲ့သော်လည်း ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း ထန်းတပင်မြို့နယ် တပြေးကျေးရွာမှ ဒေသခံတောင်သူများက ပြောကြားသည်။
“ပြီးခဲ့တဲ့ ခုနှစ်ရက်လောက်က ဗိုလ်မှူး စောမောင်ရွှေ လက်အောက် ဗိုလ်အဆင့်ရှိတဲ့ လူတစ်ယောက်နဲ့ တပ်သားခြောက်ဦးက ကျွန်တော့်ကိုခေါ်ပြီး လုံးဝမစိုက်ဖို့ ပြောတယ်။ စိုက်မယ်ဆိုရင် ဗိုလ်မှူးစောမောင်ရွှေနဲ့ လိုက်တွေ့ဖို့ခေါ်တယ်။ ကျွန်တော်တော့ လိုက်မတွေ့ရဲဘူး” ဟု တပြေးကျေးရွာမှ လယ် ၂၅ ဧကခန့် ပိုင်ဆိုင်သူ အသက် ၆၀ နီးပါးရှိ ဒေသခံ တောင်သူတစ်ဦးက ဆိုသည်။
လတ်တလောတွင် ဒေသခံများ ပိုင်ဆိုင်သော လယ်ယာမြေများကို (KNU) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်းအမှတ် ၆ တာဝန်ရှိသူအချို့က တားမြစ်ပိတ်ပင်နေခြင်းကြောင့် ဒေသခံ တောင်သူများ ပိုင်ဆိုင်သော လယ်ယာမြေများကို မလုပ်ကိုင်ရဲဘဲ ချေးယူထားသော စိုက်ပျိုးစရိတ် ချေးငွေကို ပြန်လည် ပေးဆပ်နိုင်ရေးအတွက် ပူပင်နေရကြောင်း တပြေးကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းက ဆိုသည်။
အငြင်းပွားနေသော လယ်မြေသည် လွန်ခဲ့သော ၁၉၇၈ ခုနှစ်ခန့်တွင် နယ်မြေလုံခြုံရေးအရ လယ်မြေနှင့် နေရပ်ကို စွန့်ခွာတိမ်းရှောင်ခဲ့ရသော ကရင်တိုင်းရင်းသားများက လက်ရှိတွင် အစိုးရနှင့် ကရင်လက်နက်ကိုင် တပ်ဖွဲ့များအကြား အပစ်အခတ် ရပ်စဲထားသည့်အတွက် ပြန်လည် အခြေချ နေထိုင်ခဲ့သူ ကရင်တိုင်းရင်းသားများနှင့် လက်ရှိလုပ်ကိုင်နေသူများအကြား အငြင်းပွားနေခြင်း ဖြစ်ကြောင်း ထန်းတပင်မြို့နယ် ပျဉ်ဂန်းကျေးရွာ၌ ပြန်လည် နေထိုင်သူ ကရင်တိုင်းရင်းသားတစ်ဦးက ပြောကြားသည်။
အဆိုပါ ဝင်ရောက် တားမြစ်နေခြင်းနှင့် ပတ်သက်၍ လွန်ခဲ့သောနှစ် ၄၀ ခန့်က လုပ်ကိုင်ခဲ့သည့် ဒေသခံ ကရင်တိုင်းရင်းသားများ ပြန်လည် လုပ်ကိုင်ခွင့်ရရန် ကရင်အမျိုးသား အစည်းအရုံး (ဗဟို) က ခိုင်းစေ၍ ဝင်ရောက် တိုင်းတာခြင်းသာ ဖြစ်ကြောင်း (KNU) တပ်ရင်းအမှတ် ၆ မှ ဗိုလ်မှူး စောမောင်ရွှေက ပြောကြားသည်။
ထန်းတပင်မြို့နယ် တပြေးကွင်းအမှတ်၄၆၂/ခ ကွင်းနှင့် ဆိပ်ကြီးကွင်းအမှတ် ၄၆၈/က-ခ ရှိ လယ်ယာမြေဧက စုစုပေါင်း ၂၀၀ ကျော်နှင့် ပတ်သက်၍ လွန်ခဲ့သော ငါးလခန့် လယ်ယာမြေ မှတ်ပုံ တင် ခွင့်ပြုချိန် ( မေလ) မှ စတင်ကာ လယ်ယာမြေ ပိုင်ဆိုင်ခွင့် အငြင်းပွားမှုဖြစ် ပေါ်ခဲ့ကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိပါက ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူထံ ထပ်မံတိုင်ကြားသွားမည် ဖြစ်ကြောင်း ဆုံးရှုံးနစ်နာသူ ဒေသခံ တောင်သူများက ပြောကြားသည်။
The Voice
Post a CommentDefault CommentsFacebook Comments