ချည်ဖြူထုံးဖွဲ့မင်္ဂလာရုပ်သံ

http://albanykarennews.blogspot.com/2013/07/blog-post_2088.html
ဟုတ်ကဲ့ပါရှင်။ ဒီကနေ့ဟာ ကျွန်မတို့ကရင်လူမျိုးတွေရဲ့ အမြတ်တနိုး တန်ဖိုးထားတဲ့ ချည်ဖြူထုံးဖွဲ့ မင်္ဂလာ ရိုးရာဓလေ့ကို ဆင်ယင်ကျင်းပကြမှာ ဖြစ်ပါတယ်။ ဒီနှစ်ကျင်းပတဲ့ မလေးရှား ချည်ဖြူထုံးဖွဲ့
မင်္ဂလာပွဲတော်ဟာ (၃)ကြိမ်မြောက်ဖြစ်ပြီး ခါတိုင်းနှစ်လိုပဲ ကရင်အမျိုးသားတစ်ရပ်လုံးပါဝင်ဆင်နွှဲ နိုင်အောင် သက်ဝင်ယုံကြည်မှု အနှောင်အဖွဲ့ ကင်းရှင်းတဲ့ ဓလေ့ရိုးရာ ယဉ်ကျေးမှုပွဲတော် အစစ် အမှန်အဖြစ် အားထုတ်ဖေါ်ဆောင်ထားကို မြင်တွေ့ရမှာ ဖြစ်ပါတယ်ရှင်။
ကျွန်မတို့နဲ့အတူ ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်အမျိုးသားအားလုံး ခုလို မင်္ဂလာရှိတဲ့အခါသမယမှာ
ကရင့်အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိုးနှက်ထိခိုက်စေတဲ့ သွေးဆောင်ဖြားယောင်း သွေးခွဲသူ မကောင်းဆိုးဝါးမိစ္ဆာတွေရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ပြီးတော့ ကြောက်ရွံ့လို့ ထွက်ပြေး လွင့်မျောနေတဲ့ ကျွန်မတို့ စိတ်အလျဉ်နဲ့ ၀ိညာဉ်တွေကို ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးမဲ့လမ်းပေါ် ပြန်ရောက်အောင် ပြန်လည်ခေါ်ဆောင်ကြပါစို့လားရှင်။
အခုမြင်တွေ့နေရသလိုပဲ ချည်ဖြူဖွဲ့မင်္ဂလာကျင်းပမဲ့ ဟောခန်းထဲကို မလေးရှားရောက် ကရင်လူမျိုး များ လာရောက်နေကြပြီဖြစ်ပါတယ်။ ကြွရောက်လာကြတဲ့ တိုင်းရင်းသားခေါင်းဆောင်များ၊ဧည့်သည် တော်များနဲ့ ကရင်အမျိုးသားအားလုံးကို ကောက်ညှင်းပေါင်း၊ မုန့်ဟင်းခါးနဲ့ တည်ခင်းဧည့်ခံ ကျွေး မွေးမှာ ဖြစ်ပါတယ်ရှင်။
ကျွန်မတို့ဒီလို ချည်ဖြူဖွဲ့မင်္ဂလာပြုရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ၀ါခေါင်လရောက်ရင် ကွဲကွာနေတဲ့ ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုများပြန်လည်စုစည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကား ပြုနိုင်ရေး
နဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အဓိကရည်ရွယ် ပြီးတော့ စုပေါင်းပြီး ချည်ဖြူဖွဲ့မင်္ဂလာပြုကြတာ ဖြစ်ပါတယ်ရှင်။
မကြာခင်မှာပဲ သက်ကြီးရွယ်အို အဖိုးအဖွားတွေက လူငယ်တွေကို ချည်ဖြူထုံး နှောင်ဖွဲ့ပေးမဲ့ အခမ်း
အနားအစီအစဉ် စတင်တော့မှာ ဖြစ်ပါတယ်။
ချည်ဖြူဖွဲ့မင်္ဂလာ စတင်ဖြစ်ပေါ်လာတဲ့အကြောင်းရင်းကို ပြောပြရမယ်ဆိုရင် မြန်မာပြည်ကို ကျွန်မ
တို့ကရင်လူမျိုးစတင်ဆင်းသက်လာတဲ့ သမိုင်းကြောင်းကနေ စရမှာဖြစ်ပါတယ်ရှင်။
အသားဝါမွန်ဂိုရွိုက်အနွယ်ဝင်ကရင်လူမျိုးတို့ဟာ အာရှတိုက်အလယ်ပိုင်း၊ မြစ်နှစ်မွှာမြစ်ဝှမ်းဒေသ
ရှီးနာလွင်ပြင်မှ စတင်အခြေချနေထိုင်ခဲ့ပြီး အေးချမ်းစွာနေထိုင်ချင်ကြတဲ့ ကရင်လူမျိုးတွေဟာ ငြိမ် သက်မှုမရှိတဲ့ အဲဒီဒေသကိုစွန့်ခွာပြီး ယူကရေးတီးမြစ်ဝှမ်းမှတစ်ဆင့် ကော်ဂေးရှားတောင်တန်းကို
ဖြတ်ကျော်ကာ ရေကြည်ရာ မြက်နုရာကို ရှာဖွေလာခဲ့ကြပါတယ်။
ဒီလိုနဲ့ တာကစ္စတန်အရောက်မှာတော့ အလွန်ရေစီးသန်တဲ့ ထီးဆဲမီးယွာကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်လာခဲ့ရတယ်လို့ အဆိုရှိခဲ့ပြီး ဘီစီ ၁၈၆၄ မှာ တိဗက်ကုန်းပြင်မြင့်ကို အဆင့်ဆင့် ရောက်ရှိ လာကြပါတယ်။အဲဒီကမှတဖန် သံလွင်မြစ်၊ မဲခေါင်မြစ်၊ယန်စီမြစ်များမှတစ်ဆင့် အင်ဒိုချိုင်းနားကျွန်း ဆွယ်ရှိ မြန်မာ၊လော၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မလေးကျွန်းဆွယ်များသို့လည်းကောင်း၊
တောင်တရုတ်ပင်လယ်ကိုကျော်ပြီး ဘော်နီယိုကျွန်းသို့တိုင်အောင် ပျံနှံ့နေထိုင်လာကြပါတယ်။
ဒီလို ရှေးဦးကရင်လူမျိုးတွေ ဆင်းသက်လာတဲ့နေရာမှာ ထီးဆဲမီးယွာကနေ အုပ်စု(၂)စုခွဲပြီး ထွက်ခွါ လာခဲ့ကြပါတယ်။
ရှေးဦးပထမထွက်ခွါလာခဲ့ကြတဲ့ ဖခင်အနွယ်ဝင်များကိုတော့ ဖထိတ်(ခေါ်) ဖထီးလို့ခေါ်ကြပြီး
အမျိုးသမီးများဦးစီးတဲ့ ဒုတိယထွက်ခွါလာတဲ့အသုတ်ကို မူးထိတ်(ခေါ်) မူထီးလို့ ခေါ်ကြပါတယ်ရှင်။
ဒီလိုအုပ်စုများခွဲထွက်ရာမှာ နောင်အခါ ပြန်လည်တွေ့ဆုံတဲ့အခါသော်လည်ကောင်း၊ တစ်အုပ်စု နဲ့တစ်အုပ်စု ဆုံတွေ့ကြ၍လည်ကောင်း အချင်းချင်း သိရှိမှတ်သားနိုင်ရန်နဲ့ အချင်းချင်း အသိအမှတ် ပြုကူညီစောင့်ရှောက်နိုင်ရန်အတွက် လက်မှာ ချည်ဖြူများဖြင့် အမှတ်အသား ချည်နှောင်ထားကြ ပါတယ်။ အဲလိုလက်မှာ ချည်ဖြူနဲ့ အမှတ်အသား ချည်နှောင်ထားရာမှ မျက်မှောက်ကာလမှာ လက်ချည်မင်္ဂလာပြုခြင်း (ခေါ်) ချည်ဖြူဖွဲ့မင်္ဂလာ တည်ရှိလာရတယ်လို့ အဆိုရှိပါတယ်ရှင်။
အခု မြင်တွေ့ရသလိုပဲ ဆန်ကော၊ ယောက်မ၊ ချည်ဖြူ၊ ကြံ၊ ငှက်ပျောသီး၊ ထမင်းဆုပ်၊ ကောက်ညှင်း
ဖင်ချွန်၊ နတ်ပန်းညို၊ ရေ စတဲ့ အဆောင်အယောင်(၉)မျိုးပါဝင်တဲ့ လိပ်ပြာခေါ် ချည်ဖြူဖွဲ့တဲ့ အခမ်းအနား စတင်ဆုတောင်းပေးနေပြီဖြစ်ပါတယ်။
အခုလို ဆုတောင်းတဲ့ အဓိပ္ပါယ်ကတော့-
ပလူး- "လိပ်ပြာကလေး ပြန်လာခဲ့ပါ၊ မိဘ ညီအစ်ကို မောင်နှမများနဲ့ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နိုင်ဖို့ ပြန်လာခဲ့ပါ၊ မနေအပ်တဲ့အရပ်၊သွားလာဖို့ မသင့်တော်တဲ့အရပ်၊ သုသာန်တစပြင်နဲ့ မကောင်းဆိုးဝါးမိစ္ဆာ၊မိန်းမပျက်၊မိန်းမယုတ်တို့ ကျက်စားရာ နေရာများမှရှောင်ရှားရုန်းထွက်ပြီးတော့ ဖျားယောင်းသွေးဆောင်တဲ့စကားကို မယုံကြည်ပါနဲ့။ မိဘနှစ်ပါး၊ အဘိုးအဘွားတို့ကို အလုပ်အကျွေးပြုဖို့ အဘိုးရဲ့ဖားစည်ကိုတီး၊ အဘွားရဲ့ပလိုင်းကိုလွယ်ရန် ပြန်ခဲ့ပါ။ အိမ်ကြီးပေါ်မှာ စံစားနေခြင်းဖြင့် ကျောက်သားအလား မာကျောခြင်း၊ မြှားကဲ့သို့လျှင်မြန်ခြင်း၊ ကျောက်သား၊ သံကို ခွေနိုင်တဲ့ ခွန်အားတို့ဖြင့် ကျန်းမာစေပြီး သားသမီးတကျိတ်၊ မြေးတစ်ရာနဲ့ မိဘဆွေမျိုးဘက်မှ ညီအစ်ကိုသားချင်းများ တစုတဝေးနေထိုင်ဖို့ ပြန်လာခဲ့ပါ။ ပလူး ပြန်လာ ပြန်လာ ပြန်ခဲ့ပါ"
လက်ချည်ဆုတောင်းခြင်းကို ပြုပြီးတာနဲ့ ချည်ဖြူကိုသပ်ချည်လိုက်ပြီး အစနှစ်ဖက်ကို ဆွဲဖြတ်ယူလိုက်ပါတယ်။ ထိုချည်ဖြူစများနှင့်အတူ ထမင်း၊ ကောက်ညှင်းတို့ကို အနည်းငယ်ဖဲ့ယူပြီး ပန်းတစ်ခက်နဲ့ လက်ချည်ခံသူရဲ့ ငယ်ထိပ်တွင်တင်ပေးရပါတယ်။ ပြီးတော့ "ဤချည်ဖြူကဲ့သို့ ဆံပင်များဖြူဘိအလား အသက်ရှည်စေသား" ဆိုပြီးတော့ နောက်ဆုံးဆုတောင်းပေးပါတယ်ရှင်။
Post a CommentDefault CommentsFacebook Comments