နေမျိုးဇင်ထံပေးစာနှင့် နေမျိုးဇင်မှ ပြန်ကြားစာ



ပြည်သူ(ညီငယ်)တဦးထံမှစာ

ကျနော် ကိုနေမျိုးဇင်နဲ့ ပန်းတနော်က ရဲတွေနဲ့ အခြေအတင်ဖြစ်တာကို ရိုက်ကူးထားတဲ့ မှတ်တမ်းတွေကြည့်လိုက်ရပြီး အစ်ကို့ကိုတစ်ခုခုပြောချင်တာတော့အမှန်ပဲ။

ကိုနေမျိုးဇင်ရဲ့ သတ္တိကိုလည်းလေးစားမိတယ်။ လူထုရှေ့ကနေ မားမားမတ်မတ်ရပ်ပေးမယ့်သူတစ်ယောက်ဆိုတာလည်း ယုံကြည်တယ်။

ဒါပေမယ့် မှတ်တမ်းတွေကြည့်ရာမှာ ကိုနေမျိုးဇင်ဒေါသထွက်နေတာကိုကြည့်ပြီး .. ကျနော်နည်းနည်း အတွေးဝင်လာတယ်။ ဘာကြောင့်လဲဆိုတော့ ကိုနေမျိုးဇင် စိတ်ဆိုးစိတ်တိုနေတဲ့ပုံနဲ့ ကျနော့်မျက်လုံးတွေထဲဝင်လာတာတွေဟာ .. လူထုခေါင်းဆောင်တစ်ယောက်ထက် .. တပ်ထဲက မအေနှမကိုင်တုတ်ဆဲတတ်တဲ့စစ်ဗိုလ်တစ်ယောက်ပုံ ပိုထွက်နေတယ်လို့ ခံစားရတယ် အစ်ကို။

စိတ်ဆိုးစိတ်တိုအောင် ရဲတွေအောက်တန်းကျယုတ်တာတွေလည်း သဘောပေါက်ပါတယ် .. ဒါပေမယ့် ကိုနေမျိုးဇင်ကို ဒီလိုလူမျိုးတွေကို ပညာသားပါပါနဲ့ ခြေခြေငံငံဖြစ်အောင် စိတ်ထဲကနေ ပိုပြောစေချင်နေမိတယ်။

ဘာကြောင့်လဲဆိုတော့ .. ကိုနေမျိုးဇင်ဟာ ကျနော်တို့အများစုလက်ခံတဲ့ နေရာတစ်နေရာကို ရောက်နေခဲ့ပြီ။

အားလုံးဟာ ကိုနေမျိုးဇင် ဘယ်လိုပြုမူသလဲဆိုတာကို စိတ်ဝင်စားနေကြပြီ။

ဒါကြောင့် .. ဖြစ်နိုင်ရင် ကိုနေမျိုးဇင်ကို မာန်နဲ့ထန်နဲ့ကြိမ်းတတ်တဲ့စစ်ဗိုလ်တစ်ယောက်အသွင်အစား တည်ငြိမ်ရင့်ကျက်စွာဖြေရှင်းနိုင်တဲ့ လူထုခေါင်းဆောင်နောင်တော်ကြီးတစ်ယောက်အဖြစ် ပိုမြင်ချင်မိတယ်ဗျာ။

လေးစားစွာဖြင့်။
..................................................................................
နေမျိုးဇင်မှ
 
ကျနော့် စိတ်ထဲမှာ ပြည်သူလူထုကို ရေလို လလို ကြည်အေးညွတ်နူးစွာ ဆက်ဆံ ဖေါ်ရွေတတ်ပေမယ့် ပြည်သူလူထုကို ဖိစီးနှိပ်စက်တတ်လို့ လူထုက နာကျည်းစွာ တိုင်ကြားပြောဆိုလာတဲ့ ၀န်ထမ်းဆိုးတွေကို ဘယ်လိုမှ နူးညံ့သိမ်မွေ့စွာ မဆက်ဆံနိုင်ဘူးဖြစ်နေတယ်။ ပြီးတော့ သူတို့ မျက်ဝန်းတွေက ကျနော်တို့ ရဲ့ နူးညံ့ခြင်းနဲ့ မတန်ဘူးလို့ ခံစားရတယ်။

ဝန်ထမ်းတိုင်းက ဆိုးရွားတာမဟုတ်ပါဘူး။ အခု မနက်ပဲ တောင်ဒဂုံ ရဲစခန်းက နေပြည်တော် ပြည်ထဲရေးဌာန ညွှန်ကြားချက်နဲ့ ကျနော့်ကို စစ်ချက် တခု လာယူပါတယ်။ လွန်ခဲ့တဲ့ ရှစ် လ လောက်က ကျနော် ဖယောင်းတိုင်း မီးထွန်းပြီး လျှပ်စစ်မီး မှန်အောင် လုပ်ပေးဖို့ လူထုတောင်းဆိုပွဲ လုပ်ခဲ့ဖူးတဲ့ အမှုက အခုမှ စစ်ဆေးဖို့ အမိန့်ထွက်လာတယ်။ သေချာတာကတော့ ပြည်ထဲရေး ၀န်ကြီးဌာန ဟာ ကျနော့်ကို မီးခိုးကြွက်လျောက် တောက်လျောက် စောင့်ကြည့်ပြီး အလစ်မပေးတော့တဲ့ သဘောကို ပြလိုက်တာပဲ။

အဲဒီ ရဲစခန်းမှူးကတော့ ပြေပြေလည်လည်ပဲ အေးအေးဆေးဆေး တောင်းဆိုလို့ ကျနော်ကလည်း အေးဆေးစွာပဲ တုန့်ပြန်ဖြေဆိုခဲ့တယ်။

ကောင်းသောသူကို ကောင်းမွန်စွာ ပြန်လည် ဆက်ဆံမှာပါပဲ။ သဘောဆိုး မနောဆိုးနဲ့ ပြည်သူအပေါ် မရိုး မသား လှည့်ဖြား ဖိနှိပ်တတ်သူတွေကိုတော့ စေတနာအဖြောင့်နဲ့ သိမ်မွေ့စွာ ဆက်ဆံ တုန့်ပြန်တတ်ဖို့ ကျနော် အတော့်ကို ရင့်ကျက်မှု ရှိအောင် ကြိုးစားရပါအုန်းမယ်။

ကျနော် ကိုယ့်ဘာသာ ဝေဖန်မိပါတယ်။ ကျနော် ခေါင်းဆောင် တယောက် မဖြစ်ထိုက်ဘူးလို့ ။ ဘာလို့ဆို စိတ်ကို မထိန်းချုပ်နိုင်သေးပဲကိုး။ သူ့ဘက်က အမောက်ထောင်ရင် ကိုယ့်ဘက်ကလည်း မာန်ပြန်ထောင်မယ့် လူ့  စိတ်က ပေါ်လာနေဆဲပဲ။ ကျနော် လူမပီသ သေးဘူး။ လူစစ်စစ် တို့ ရင့်ကျက် တည်ကြည် ဖြောင့်မှန်မှုမျှိုး ကျနော့်မှာ မရသေးဘူး။

ကျနော် ကြိုးစားရမှာတွေ အများကြီး ရှိနေပါသေးတယ်။ ၀မ်းစာ တဖက် ရှာဖွေရင်း ဘ၀ ရက်စွဲတွေ ချယ်မှုန်းခိုက်မှာ အရောင့် ရင့်ရင့် မှိုင်းမှိုင်း မှုန်မှုန်တွေ ပါနေသေးတာကို မြင်အောင်ကြည့် သိအောင် လေ့လာကာ ပြင်နိုင်သမျှ ပြင်ဖို့ ကြိုးစားကြည့်ပါမယ်။

ဒါပေမယ့် ကျနော့် ရည်မှန်းချက်ကို က ခေါင်းဆောင်ဖြစ်ချင်လို့ လုပ်နေတာ မဟုတ်လေတော့ ကိုယ်နဲ့ တန်ရာ လူ့အဆင့်အတန်းအဖြစ် အများက သတ်မှတ်တာကိုပဲ ကြည်ဖြူစွာ ခံယူမယ့်သူပါ။

တိုင်းပြည် အေးချမ်း တည်ငြိမ်လာတဲ့ တနေ့၊ တရားဥပဒေစိုးမိုးပြီး ဘယ်သူကမှ ဘယ်သူကို မကြောက်ရတော့ပဲ ငြိမ်းချမ်းစွာနဲ့ ၀မ်းစာ ရှာဖွေ နေနိုင်တဲ့ ခေတ် တနေ့ ရောက်ပြီးရင်တော့ ကျေးလက် တောနယ် တခုခုမှာ ခြံစိုက်ပြီး အေးဆေး သွားနေမယ့် ကျနော့် ရည်မှန်းချက်
ကို အခုကတည်းက ပြည်သူကို တင်ပြထားပါတယ်။

ဒါပေမယ့် လူအများ အတွက် အနှောက်အယှက် အဟန့်အတားဖြစ်စေနိုင်တဲ့ အပြုအမူ အပြောအဆို အကျင့်အကြံတွေကို တတ်နိုင်သလောက်တော့ လျော့ချ ပြင်ဆင်နိုင်အောင် ကြိုးစားပါမယ်။

အရိုးစွဲနေတဲ့ အလေ့ဆိုတာ ဗြုန်းစားကြီး ပြင်နိုင်ဖို့ ခက်သားကလား။

ကျနော် ဘုန်းကြီးလူထွက် မဟုတ်ခဲ့လေတော့ ။ စစ်သားလူထွက် ဆိုတော့လည်း အရိုးစွဲနေ သေးတဲ့ မာနတရားတွေကို ဖြေလျော့နိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပါမယ်။ လို့ မိတ်ဆွေ အပေါင်းကို အသိပေးပါတယ်။

Related

article 7031034097158141941

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item